ဧရာဝတီတိုင်းအတွင်း ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာ

Photo- CJ
ဧရာဝတီတိုင်းအတွင်းက ပုသိမ် ချောင်းသာ ငွေဆောင် နဲ့ ရွှေသောင်ယံ မြို့ နဲ့ မြို့ကြီးတွေမှာ ရှိနေတဲ့ ဟိုတယ် လုပ်ငန်းတွေဟာ ဆက်လက် ရပ် တည် လုပ်ကိုင်ဖို့ ပိုမို ခက်ခဲနေပြီလို့ အမည်မဖေါ်လိုတဲ့ ဟိုတယ်လုပ်ငန်းရှင် တဦးက DNA ကိုပြောပါတယ်။
“ကာချုပ်က အာဏာသာ တက်သိမ်းတာ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ မလုပ်နိုင်ဘူး။ အဲဒီတော့ စီးပွါးရေး လုပ်ငန်း တွေလည်း အနုတ်လက္ခဏာပြလာတာပေါ့ ရှေ့ဆက်ရပ်တည်ဖို့ ပိုခက်လာတယ် “လို့ ဆိုပါတယ်။
ဟိုတယ်လုပ်ငန်းရှင်များ အနေနဲ့ ဆက်လက် ရပ်တည် လုပ်ကိုင်ဖို့ ခက်ခဲလာလို့ လုပ်ငန်းရဲ့ ၄၅ ရာခိုင်နှုန်းခန့် ကို ဝန်ထမ်း အင်အား လျော့ချတာ ဝန်ထမ်းလစာလျော့ချတာ အဝင် ဧည့်သည် မရှိတော့တဲ့အချိန်မှာ ဟိုတယ်မှာ ခန့် ထားတဲ့ ဝန်ထမ်းတွေရဲ့ ၃ ပုံ ၁ ပုံ အလှည့်ကျစနစ်နဲ့ ခွင့်ရက်ရှည်ပေးပြီး အလုပ်နားခိုင်းတာမျိုးတွေနဲ့ လုပ်ငန်းကို ရပ်တည်နေရတယ်လို့ ဆိုပါတယ်။
ဟိုတယ်လုပ်ငန်းစုရုံးရဲ့ မှတ်တမ်းအရ အဓိက အပန်းဖြေပင်လယ် ကမ်းခြေဒေသဖြစ်တဲ့ ချောင်းသာ ငွေဆောင် ရွှေသောင်ယံစတဲ့ ဒေသတွေမှာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကနေ ၂၀၂၂ခုနှစ် စက်တင်ဘာ လ အထိ ပြည်ပဧည့်သည် ဝင်ရောက်မှု မရှိတော့သလောက်နီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းခရီးသွား ဧည့်သည် အများအပြား လာရောက်လေ့ ရှိတဲ့ ချောင်းသာ အပန်းဖြေကမ်းခြေ ဒေသကို ဧည့် သည် လာရောက်မှု ကလည်း စစ်တပ် အာဏာသိမ်းပြီး ၂နှစ်တာ ကာလအတွင်း ၂၅ ရာခိုင်နှုန်း အထိ သိသိသာ သာ လျော့ ကျသွားခဲ့တယ်လို့ ဟိုတယ်လုပ်ငန်းရှင် တွေက ပြောပါတယ်။
“အရင်က ခရီးသွား ပွင့်လင်းရာသီနဲ့ ပွဲတော်ရက် ၊ ရုံးပိတ်ရက် တွေဆို ဟိုတယ်တွေမှာ ဘွတ်ကင်ပြည့် နေပေ မယ့် ၊ ခုတော့ မဖြစ်မနေ အလုပ်ကိစ္စနဲ့ လာတဲ့သူလောက်ပဲ ရှိတယ် ။ မိသားစုလိုက် အသင်းအဖွဲ့လိုက် လာပြီး အပန်း ဖြေတာက နည်းသွားတယ်” လို့ ချောင်းသာ ဟိုတယ်ဇုန်က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လမ်းခရီးမှာ စစ်ဆေးရေး ဂိတ်တွေများလာပြီး တစ်ဦးချင်း လိုအပ်တဲ့အထောက် အထားတွေ (ဥပမာ- ကိုဗစ်ဆေး ထိုးပြီးတဲ့ သက်သေ ခံစာလိုမျိုးတွေ မှတ်ပုံတင်တွေ ) ပြည့်စုံဖို့က ခက်ခဲတော့ ခရီး သည် နည်းသွားတာကြောင့် လုပ်ငန်းက အရင်လို အဆင်မပြေဘူးလို့ ရန်ကုန် ပုသိမ် ချောင်းသာ ငွေဆောင် ခရီးသည်တင် ယာဉ်လုပ်ငန်း လုပ်ကိုင်သူတွေကလည်း ပြောပါတယ်။
လျှပ်မီးမှန်မှန် မရတဲ့အတွက်ကြောင့် ဟိုတယ်၊မိုတယ်တွေဟာ စက်သုံးဆီတွေနဲ့ မီးစက်တွေကို အချိန် တော် တော် များများ အသုံးပြုရပါတယ်။ လုပ်ငန်း ဒီလို လည်ပတ်ရတဲ့အခါ စက်သုံးဆီ ဈေးနှုန်းနဲ့ အခြား ဝန် ဆောင်မှု ပစ္စည်း ဈေးနှုန်းတွေ နေ့စဉ်နဲ့ အမျှ မြင့်တက်နေပြီး ဧည့်သည် ဝင်ရောက်မှုက နည်းပါးနေတာကြောင့် လုပ်ငန်း ဝင်ငွေ ထွက်ငွေ မျှခြေ မရှိဘူး ဖြစ်နေတာပါ။
“လက်ရှိအနေအထားမှာ နည်းပေါင်းစုံနဲ့ တောင့်ခံပြီး လုပ်နေကြတာပဲ ။ အချို့လည်း လုပ်ငန်းရပ်သွားနိုင်တဲ့ အခြေ အနေမှာ ရှိတယ် ။ လုပ်ငန်း ကနေ့တိုင်း အရှုံးပြနေတာ ဦးမမော့ နိုင်ဘူး ၊ ဖင်ပါမြုပ်နေတာဗျ” လို့ ပုသိမ် မြို့ပေါ်ရှိ ဟိုတယ် မန်နေဂျာတဦးက သုံးသပ် ပြောဆိုပါတယ်။
ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာကမ်းခြေဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ခရီးသွားပြည်သူအများဆုံး လာ ရောက်လည်ပတ်တဲ့ ကမ်းခြေတွေဖြစ်ပြီး ငွေဆောင်ကမ်းခြေမှာ ဟိုတယ် (၃၅) လုံးနဲ့တည်ခိုခန်း (၄၆) လုံး ချောင်းသာကမ်းခြေမှာ ဟိုတယ်( ၃၉) လုံးနဲ့ တည်ခိုခန်း (၆၅) လုံး နဲ့ စက်မှုလက်မှု လုပ်ငန်း၊ ရိုးရာလုပ်ငန်းတွေ ကိုလိုနီခေတ် အဆောက်အဦးတွေ အများအပြားရှိနေတဲ့ ပုသိမ်မြို့မှာတော့ ဟိုတယ် နဲ့ မိုတယ်(၂၅) လုံးနဲ့ တည်းခိုခန်း (၅၀) ကျော်ရှိနေပါတယ်။
ဧရာဝတီတိုင်း အတွင်းမှာ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းကို မှီခို အသက် မွေး ဝမ်းကြောင်း ပြု နေရတဲ့ သူတွေနဲ့ ကမ်းခြေစျေးသည်တွေ အ ပါအဝင် လူဦးရေ တထောင်နီးပါးဟာ အလုပ်လက်မဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ဧရာဝတီတိုင်းအတွင်းက အလုပ်သမားအရေးကူညီဆောင်ရွက်သူတဦးက ခန့်မှန်းတွက်ချက်ထားပါတယ်။