စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့အနီးက ပုဏ္ဏားကျေးရွာကို စက်တင်ဘာ (၂၇) ရက်မနက်ပိုင်းမှာ စစ်တပ်ကစစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရွာက စုရပ်ဆောင်အပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာ ကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
ဒါ့အပြင် ရွာက ပြည်သူအချို့ကိုလည်း ထီးလင်းမြို့ပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြော ပါတယ်။
“အခုကျွန်တော်တို့တပ်တွေသွားနေတယ်၊ရောက်မှရှင်းရှင်းလင်းအတည်ပြုနိုင်မယ်လို့” YDF ဗျူဟာမှူး သခင်ဇော်က ဒီနေ့ညနေပိုင်းမှာ DNA ကိုပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းကကျေးရွာတွေအများစုမှာ စုရပ်ဆောင်လို့ဒေသခံတွေခေါ်တဲ့ အဆောက်အအုံတွေ ရှိတတ်ပြီး ကျေးရွာထဲက သာရေး၊နာရေးနဲ့ ရပ်ရွာအစည်းအဝေးတွေအတွက် အသုံးပြုကြပါတယ်။
စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာမှာ စုရပ်ဆောင်နဲ့ လူနေအိမ်လေးလုံး မီးလောင်ကျွမ်းခဲ့ပြီး ရွာကပြည်သူ နှစ်ဆယ် ကျော် ဖမ်းဆီးခေါ်ဆောင်သွားပြီး အများစုကို ပြန်လွှတ်ခဲ့ပေမယ့် ကိုးတန်းကျောင်းသားသုံးဦးအပါအဝင် (၇)ဦးကို ဒီနေ့ညပိုင်း အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံလူမှုကွန်ရက် စာမျက်နှာတချို့ကဖော်ပြပါတယ်။
အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး DNA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။