ဂြိုဟ်သိမ် တစ်ခုကို အာကာသယာဉ်နဲ့ ဝင်တိုက်စေတဲ့ NASA ရဲ့ စမ်းသပ်မှု အောင်မြင်

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)ရဲ့ လူမဲ့ အာကာသယာဉ်ငယ် တစ်စီးကို ဂြိုဟ်သိမ် တစ်ခုဆီ အောင်အောင်မြင်မြင် ဝင်တိုက်စေနိုင်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာမြေဆီကို အာကာသထဲကနေ ရောက်ရှိလာတဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့ ရည်မှန်းချက်အတွက် အရေးပါတဲ့ ပထမဆုံး ခြေလှမ်းလည်း ဖြစ်လာပါတယ်။ Dartလို့ နာမည်ပေးထားတဲ့ အာကာသယာဉ်ဟာ ၁၀ လလောက် ပျံသန်းပြီးတဲ့နောက် အချင်း ၁၆၃ မီတာလောက်ရှိတဲ့ Dimorphos ဂြိုဟ်သိမ်ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းက ဝင်တိုက်ခဲ့ပါတယ်။

Dimorphosရဲ့ မျက်နှာပြင်ကို Dartက ရည်ရွယ်ထားတဲ့ လမ်းကြောင်းအတိုင်း ဝင်တိုက်လိုက်ချိန်မှာတော့ မေရီလန်းပြည်နယ်၊ လော်ရယ်လ်မှာ ရှိနေတဲ့ NASA အဖွဲ့သားတွေက ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခဲ့ကြပါတယ်။

Dimorphosဟာ အရွယ်အစား ပိုကြီးတဲ့ Didymosဆိုတဲ့ နောက်ထပ် ဂြိုဟ်သိမ်ကြီး တစ်လုံးကို ဝန်းရံ လှည့်ပတ်နေတာပါ။ Didymosရဲ့ အချင်းဟာ ပါရီမြို့က အိုင်ဖယ်လ် မျှော်စင်ကြီးရဲ့ နှစ်ဆကျော်ကျော်လောက် ရှိပါတယ်။

Dimorphosရော၊ Didymosပါ ကမ္ဘာကြီးအတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားမှာ မရှိကြဘူးလို့ NASAက အတည်ပြုပါတယ်။ Dimorphosဟာ ကမ္ဘာမြေကနေ ကီလိုမီတာ ၁၁ သန်းလောက် ကွာဝေးတဲ့ အာကာသ ဟင်းလင်းပြင်ထဲမှာ ရှိနေတာပါ။

Dart မစ်ရှင်ရဲ့ ရည်ရွယ်ချက်က တကယ်လို့သာ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ကမ္ဘာမြေဆီ ဦးတည်လာရင် ဘယ်လို ခုခံနိုင်မလဲ ဆိုတာကို လက်တွေ့ကျကျ ကြိုတင် ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ Dartဟာ Dimorphosရဲ့ ဗဟိုချက်နဲ့ ၅၅ ပေ အကွာကို ချိန်ရွယ်ပြီး ဝင်တိုက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အာကာသယာဉ် ဝင်တိုက်လိုက်တဲ့ အရှိန်အဟုန်ကြောင့် ဂြိုဟ်သိမ်ရဲ့ မူလ လှည့်ပတ်နေမှု လမ်းကြောင်း ပြောင်းသွားမလား ဆိုတာကို သိချင်လို့ပါ။

အားပြင်းတဲ့ ဝင်တိုက်မှုအပြီး Dimorphosဟာ အမှန်တကယ် လမ်းကြောင်းပြောင်းသွားမလား ဆိုတာကိုတော့ နောက်ထပ် ၂ လလောက် စောင့်ကြည့်ပြီးမှ အဖြေထုတ်နိုင်မယ်လို့ NASAက ပြောပါတယ်။

လူ့သမိုင်းမှာတော့ ဒါဟာ ကြီးမားတဲ့ ထိုးဖောက်အောင်မြင်မှု တစ်ခုလို့ ဆိုနိုင်ကြောင်း၊ လူသားတွေအပေါ် အန္တရာယ် ကျရောက်လာစေနိုင်တဲ့ အာကာသ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ အလားအလာကောင်းတွေ စတင် ပိုင်ဆိုင်လာပြီဖြစ်ကြောင်း NASAရဲ့ ဂြိုဟ်သိမ်ဆိုင်ရာ သိပ္ပံဌာန အကြီးအကဲ လော်ရီ ဂလေ့ဇ်က ပြောပါတယ်။ ဂြိုဟ်သိမ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် ထိုးနှက်နိုင်တာမျိုး အရင်က လုံးဝ မရှိခဲ့ဖူးဘူးလို့လည်း သူက ဆိုပါတယ်။

NASAဟာ ဒီစမ်းသပ် လုပ်ဆောင်မှုရဲ့ အသေးစိတ် အချက်အလက်တွေကို ဗီဒီယိုတွေ ထုတ်ပြန်ပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ Dartနဲ့ တိုက်မိခဲ့တဲ့နောက် Dimorphosရဲ့ လမ်းကြောင်းဟာ အတွင်းဖက်ကို ယိုင်ပြီး Didymosနဲ့ ပိုနီးကပ်သွားမယ်လို့ NASAက ယူဆထားပါတယ်။

Didymosကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်မှာ နက္ခတ်ဗေဒ ပညာရှင်တွေက ပထမဆုံးအကြိမ် ထောက်လှမ်း တွေ့ရှိခဲ့ပြီး ဘေးနားမှာ ပတ်နေတဲ့ Dimorphosကိုပါ ထောက်လှမ်းမိလာခဲ့တာ ဖြစ်ပါတယ်။