မန္တလေး၊ သိပ္ပံလမ်းပေါ်က ကမ္ဘောဇဘဏ်ခွဲမှာ ဗုံးပေါက်ကွဲ

Photo – Google Map

မန္တလေးမြို့၊၆၆ လမ်းနဲ့ ၆၇ လမ်းကြား၊ သိပ္ပံလမ်းမပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲမှာ ဒီကနေ့ စက်တင်ဘာ (၂၆) ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ မန္တလေးမြို့ခံတွေက DNA ကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဘဏ်ခွဲဟာ မန္တလေး ကမ္ဘောဇဘဏ်ခွဲ(၁၉)ဖြစ်ပြီး ပေါက်ကွဲမှုကတော့ဘဏ်အဆောက်အအုံအပြင်ဘက် မီးစက်နားမှာပဲ ဖြစ်ခဲ့တာလို့ သိရပါတယ်။

“မနက်ကိုးနာရီခွဲလောက်မှာဖြစ်တာဗျ၊ အသံတော်တော်ကျယ်တယ်၊ မြေကြီးတောင်တုန်တယ်၊အိမ်လည်းခါတယ်၊ ဘဏ်နောက်ကမီးစက်ကိုထိသွားပြီး မီးလောင်သွားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်ကချက်ချင်းရောက်ရှိလာပြီး မန္တလေးမြို့မှာရှိတဲ့ နေရာတော်တော်များများမှာ အရင်ကထက်စစ်ဆေးတာတွေပိုလုပ်နေတယ်လို့ဆိုပါတယ်။

အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက တိုက်ခိုက်မှုလုပ်ခဲ့တယ်ဆိုတာ မသိရသေးသလို မန္တလေးမြို့ခံ တော်လှန်ရေး အင်အားစုတွေဘက်က သတင်းထုတ်ပြန်တာလည်းမရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ကမ္ဘောဇဟာ အာဏာရှင်အလိုကျ လိုက်လုပ်နေပြီး ပြည်သူတွေ အခက်တွေ့စေ တယ် ဆိုတဲ့ ဝေဖန်မှုတွေရှိလာတဲ့နောက် နိုင်ငံအနှံ့က ကမ္ဘောဇ ဘဏ်ခွဲတွေဟာ မြို့ပြောက်ကျား အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်တခု ဖြစ်လာပြီး မကြာခဏဖောက်ခွဲတိုက်ခိုက်ခံရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာနှောင်းပိုင်းက မန္တလေးမြို့မှာ တညတည်း ကမ္ဘောဇဘဏ်ခွဲ ခုနစ်ခုအထိ ဖောက်ခွဲ တိုက်ခိုက်ခံရတာမှာ ဘဏ်ခွဲ(၁၉)လည်းပါဝင်ခဲ့ပါသေးတယ်။ဒါ့အပြင် အခုနှစ်အတွင်းမှာလည်း ကမ္ဘောဇဘဏ်ခွဲတွေဖောက်ခွဲတိုက်ခိုက်ခံရတာနဲ့ ဘဏ်ဓားပြတိုက်ခံရတဲ့ဖြစ်စဉ်တွေ နိုင်ငံတဝန်းမှာ ရှိနေပါတယ်။