မင်္ဂလာတောင်ညွှန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

Photo – Google Map

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ကန်တော်လေး (တောင်) ရပ်ကွက်မှာရှိတဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စက်တင်ဘာ ၂၅ ရက် ည ၈ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ UMCD အင်အားစုပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“အရပ်ဝတ်များများရှိနေတဲ့ အုပ်ချုပ်ရေးမှူးရုံးပါပဲ။ဧည့်စစ်တာတွေ လုပ်ပါတယ်။အခု မစ်ရှင်ပြီးတော့လည်း အကောင်ကြီး တကောင်လာကြည့်ပြီး အရပ်ဝတ် အင်အားများများလာပါတယ်”လို့ UMCD အင်အားစုရဲ့ ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုကို UMCD အင်အားစု Burma Royal Guerrilla Force တပ်ဖွဲ့ နဲ့ မဟာမိတ် MFF ( Marauder Front Five) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။

“အထိအခိုက်ကို အတည်ပြုလို့မရသေးပါဘူး။သူတို့တအားခြေတော့ရှုပ်နေတယ်”လို့ UMCD အင်အားစုရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင် စီလက်ပါးစေတွေအနေနဲ့ သတိအမျိုးမျိုးပေးထားတဲ့ကြားက ဆက်လက်ရမ်းကားနေပါက ပြည်သူ့ဘက်တော်သားတွေအနေနဲ့ လိုအပ်တာကိုတုန့်ဆိုင်းမှုမရှိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လို့လည်း UMCD အင်အားစုက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှု​အပြီးမှာတော့ ရုံးအတွင်းကို ဆေးရုံးကားတစ်စီးလာရောက်ခဲ့တဲ့အပြင် ဆိုင်ကယ် ၃ စီး DC ၂စီး၊ရဲကား ၁ စီးနဲ့ ပေါက်ကွဲမှုဖြစ်စဥ်အနီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဝင်တွေကတော့ ဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။