အောင်ဒင်
မြန်မာနိုင်ငံရဲ့ ပြင်ပကို ရောက်ရှိနေကြသူတိုင်းအတွက် ပြည်တွင်းက ချစ်သူခင်သူများနဲ့ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့ နည်းလမ်းပေါင်းစုံ ရှိနေပါပြီ။ ရှေးတုန်းက တန်ခိုးရှင်ကြီးတွေသာပိုင်ဆိုင် တယ်လို့ သတ်မှတ်ခဲ့ကြတဲ့ ဒိဗ္ဗစက္ခု (အမြင်အာရုံရတာ) တို့၊ ဒိဗ္ဗသောတ(အကြားအာရုံရတာ) တို့ဟာ ကျနော်တို့ခေတ်မှာ သိပ္ပံပညာရဲ့ တိုးတက်တီထွင်မှုများကြောင့်လူသားတိုင်း ပိုက်ဆံရှိရင်၊ နည်းပညာ နည်းနည်းနားလည်ရင် ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေဖြစ်နေပါပြီ။ အခုအချိန်မှာ ဖေ့စ်ဘုတ် မက်ဆင်ဂျာ (Facebook Messenger)၊ စကိုက်(Skype)၊ Signal၊ Zoom စတာတွေနဲ့ စာရိုက်၍ ဖြစ်စေ၊ စကားပြော၍ ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ ဆက်သွယ်နိုင်နေကြပြီ ဖြစ်ပေမဲ့ အင်တာနက်မရှိလည်း သုံးလို့ရတဲ့တယ်လီဖုန်းကလည်း အကောင်းဆုံး ဆက်သွယ်ရေးနည်း လမ်း ဖြစ်နေတုန်းပါ။ ကျနော်လည်းမြန်မာနိုင်ငံရဲ့ ပြင်ပကို နှစ်ပေါင်းများစွာကတည်းက ရောက်ရှိနေသူ တစ်ယောက်ဖြစ်လို့ပြည်တွင်းက ချစ်သူ၊ ခင်သူတွေနဲ့ စကားပြောချင်တိုင်း တယ်လီဖုန်းနဲ့ အခြားနည်း လမ်းတွေအဆင်ပြေသလိုသုံးပြီး ဆက်သွယ်ခဲ့ပါတယ်။ အဲဒီလို ဆက်သွယ်ရာမှာလည်း ကိုယ်ကပဲ
စခေါ်သူ ဖြစ်ချင်ပါတယ်။ ကိုယ့်ကို ပြည်တွင်းကနေ စတင်ဆက်သွယ်တာကိုတော့ကြောက်မိပါတယ်။ အဲဒီလို ပြည်တွင်းကနေ စတင်ဆက်သွယ်လာရင် မကောင်းတဲ့သတင်းတွေကိုပဲ ကြားရတတ်လို့ပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်၊ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း၊ ရန်ကုန်မှာတော့ ဩဂုတ်လ ၄ ရက်နေ့ညပိုင်းမှာ ကိုသူရ (ဇာဂနာ) က အွန်လိုင်းကနေ စာတိုလေးတစ်စောင်ပို့လာပါတယ်။ “ကိုအောင်ဒင်၊ ခင်ဗျား ညီ အခြေအနေမကောင်းဘူး” တဲ့။ သူနဲ့ ကျနော်အပြန်အလှန်စာတိုလေးတွေ ရေးပို့ကြရင်း တာရာမင်းဝေ ကျန်းမာရေးအခြေအနေဆိုးဝါးနေပြီလို့ နားလည်ပေမဲ့ အဆိုးဆုံးအထိ မမျှော်လင့်ခဲ့ပါ။ အဲဒီနေ့ည၊ ရန်ကုန်မှာ ဩဂုတ်လ
၅ ရက်နေ့ မနက်ပိုင်းမှာ ကျနော့် ညီမ မိုးမိုးဆီက ဖုန်းဝင်လာပါတယ်။ “ကိုကိုရေ၊ အငယ်လေးတော့ ဆုံးပြီ” တဲ့။ ညီမလေးက ဖုန်းထဲမှာ ငိုရင်းပြောပါတယ်။ အငယ်လေးဆိုတာတာရာမင်းဝေကို မေမေကခေါ်တဲ့ အမည်ပါ။ ဒီတော့မှပဲ ကိုသူရပြောတာနဲ့ ဆက်စပ်ပြီး ကျနော့်ညီကို အပြီးတိုင် ဆုံးရှုံးလိုက်ရပြီဆိုတာ သဘောပေါက် နားလည်လိုက်ရပါတယ်။ ဩဂုတ်လ ၇ ရက်နေ့မှာ ရန်ကုန်က ရေဝေးသုသန်မှာ သဂြိုဟ်မယ်လို့ ဆိုပါတယ်။
အသုဘအပြီး နောက်တစ်ရက်၊ ဩဂုတ်လ ၈ ရက်ကလည်း ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော် ပုံကြီးရဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။ မင်းကိုနိုင် အပါအဝင်အကျဉ်းထောင်များက ပြန်လွတ်လာ ကြတဲ့ ကျောင်းသားခေါင်းဆောင်များက “၈၈ မျိုးဆက်ကျောင်းသားများ” အုပ်စုကို တည်ထောင်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက်စစ်အာဏာရှင်တွေကို တောင်းဆိုနေကြတဲ့အချိန်ပါ။
တာရာမင်းဝေဟာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ယောက်ဆိုတာထက်ပိုပါတယ်။ သူဟာ ၁၉၈၈ ရဲ့ ဗကသကျောင်းသားခေါင်းဆောင်တစ်ယောက်ပါ။နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ပါ။ ကျန်းမာရေးအခြေအနေအရဆေးကုသခံနေရပေမဲ့ စာချုပ်ချုပ်ထားမိလို့ ရေးပေးရ မယ့် လုံးချင်းဝတ္ထုအချို့ ရေးပေးပြီးရင်မင်းကိုနိုင်တို့ ဂျင်မီတို့နဲ့ အတူပြန်လည်လက်တွဲပြီး “၈၈ မျိုး ဆက်ကျောင်းသားများ” အုပ်စုမှာပြန်လည်လှုပ်ရှားဖို့ ကတိပြုထားသူပါ။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံး ခရီးကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုပေးကြဖို့ ကျနော့် သူငယ်ချင်းများကို ကျနော်တောင်းဆိုခဲ့ပါတယ်။ သူတို့ကလည်းသူတို့ချစ်တဲ့ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြဖို့ အဆင် သင့်ရှိကြပါတယ်။
ဒီလိုနဲ့ ရွှေဘုန်းလူ (ခေါ်) တာရာမင်းဝေရဲ့ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ရေဝေးသုသန်မှာ ကျင်းပတဲ့ ဈာပနဟာ မိဘဆွေမျိုးများ၊ စာပေနဲ့အနုပညာနယ်ပယ်ကမိတ်ဆွေများ အပြင် “၈၈ မျိုး ဆက်ကျောင်းသားများ” နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များရဲ့ပါဝင်မှုကြောင့် စစ်ထောက်လှမ်းရေးများရဲ့ အနှောင့်အယှက်တွေကြားကနေအတိုင်းအတာတစ်ခုအထိ ပြည့်စုံလေးနက်ခဲ့ပါတယ်။ အဲဒီနေ့မှာ “၈၈မျိုးဆက်ကျောင်းသားများ” အုပ်စုရဲ့ အမှတ်တံဆိပ်အဖြစ် ဆုံးဖြတ်ထားတဲ့ “ကဒေါင်းရင်ထိုး”ကို ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် စတင်ဝတ်ဆင်ကြပြီး ဂျင်မီကတာရာမင်းဝေရဲ့ ရင်ဘတ် မှာ အဲဒီရင်ထိုးလေးကို အလောင်းကို မီးလောင်တိုက်ထဲမသွင်းခင်
ချိတ်ဆွဲပေးခဲ့တယ်လို့ ကျနော့်ကို ဂျင်မီက ပြောပြဖူးပါတယ်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ တာရာမင်းဝေကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အထိန်းအမှတ်အဖြစ် ကျနော်စီစဉ်တဲ့ “တာရာမင်းဝေ (၁၉၆၆-၂၀၀၇) ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့်အမှတ်တရစာစုများ” ဆို တဲ့ စာအုပ်ကို ထုတ်ဝေပြီး ဩဂုတ်လ ၅ ရက်နေ့၊ရန်ကုန်ဘုတ်ပလာဇာမှာ ကျင်းပတဲ့ အခမ်းအနားမှာ တက်ရောက်သူများကို လက်ဆောင်အဖြစ်ပေးဝေပါတယ်။ အဲဒီစာအုပ်လေးအတွက် သူငယ်ချင်း ကိုဘိုဘိုထွန်းကမျက်နှာဖုံးပန်းချီရေးဆွဲပေးပြီး ခေတ်ရနံ့မဂ္ဂဇင်းက ကိုဇော်မင်းကျော် (ပြည်သွေးနိုင်) ကစာအုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ဂျင်မီက “ကျနော်နှင့် တာရာမင်းဝေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ပါဝင်ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးကို ဂျင်မီကအောက်ပါ အတိုင်း အဆုံးသတ်ထားပါတယ်။
“အခေါင်းကား မီးသဂြိုဟ်စက်ထဲ ရောက်သွားလေပြီ။ တာရာမင်းဝေသည်လည်းကျနော်တို့နှင့် အတူ ဆက်ရှိနေဦးမည်။”အဲဒီနောက် ၁၅ နှစ်အကြာမှာ ရန်ကုန်က စတင်ခေါ်ဆိုတဲ့ တယ်လီဖုန်းသံကိုကျနော်လက်ခံနား ထောင်ရပြန်ပါပြီ။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျနောတို့ရဲ့သူငယ်ချင်း ကိုဂျင်မီ ကျဆုံးခဲ့ပါပြီ။ အသတ်ခံရတာပါ။ သူရဲဘောကြောင်လှတဲ့ဖက်ဆစ်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ဂျင်မီနဲ့ အတူ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အချုပ်အနှောင်ထဲမှာ ကြိုးစင် တင်ပြီးသတ်ပစ်လိုက်တာပါ။ ဂျင်မီဟာ နောက်ဆုံးအချိန်မှာ သရဏံဂုံတင်ဖို့ကို ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့ပါတယ်။
ထောင်အာဏာပိုင်တွေက သူ့မိသားစုကို အလောင်းပြန်မပေးဘဲ ဖျောက်ဖျက်ခဲ့လို့ ဈာပနမလုပ်နိုင်ပါ။ ဈာပနအခန်းအနား မကျင်းပနိုင်ပေမဲ့ သူနဲ့ ဒီမိုကရေစီသူရဲကောင်း ၃ ယောက်ကိုမြန်မာ နိုင်ငံ တစ်နိုင်ငံလုံးက ပြည်သူများနဲ့ နိုင်ငံတကာ ပြည်သူများကလေးစားဂုဏ်ပြုနေကြပါတယ်။ ဂျင်မီ မသေပါ။ သူက တာရာမင်းဝေကို ပြောခဲ့သလို“ဂျင်မီသည်လည်း ကျနော်တို့နှင့် အတူ ဆက်ရှိနေဦး မည်” လို့ ကျနော်ပြောချင်ပါတယ်။
ဂျင်မီနဲ့ တာရာမင်းဝေအမှတ်တရအဖြစ် ဂျင်မီရေးခဲ့တဲ့တာရာမင်းဝေအမှတ်တရစာစုလေးကို ဖတ်ကြည့်စေချင်ပါတယ်။
လေးစားစွာ၊
ဩဂုတ် ၂၊ ၂၀၂၂
######
ကျနော်နှင့် တာရာမင်းဝေ
ဂျင်မီ
“သူငယ်ချင်း၊ ငါ့မှာ စာချုပ်ထားတဲ့ အလုပ်နှစ်ခု ရှိသေးတယ်။ အဲဒါတွေ ပြတ်သွားတာနဲ့ငါလှုပ်ရှားလို့ ရပြီ။”ရွှေဘုန်းက ပြောလိုက်သည်။ စာရေးဆရာ တာရာမင်းဝေဟု နာမည်ကြီးနေသောရွှေဘုန်းလူ သည် ၁၉၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သလိုနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။ အထူးသဖြင့် စာပေအနုပညာတွင်မှော်အောင်ထားသကဲ့သို့ ထူးချွန်သည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် စာရေးဆရာတာရာမင်းဝေဟု နိုင်ငံကျော်လာခဲ့သည်။ လူငယ်အများစုက နှစ်သက်လေးစားကြသည်။
ကျနော်က ၂၀၀၅ ဇူလိုင်တွင် လွတ်မြောက်လာခဲ့သည်။ ရွှေဘုန်းနှင့် ကျနော် တို့၏ တွေ့ဆုံပွဲကိုမြောက်ဥက္ကလာ ၈၈ မျိုးဆက်များ ဖြစ်သော ဝင်းအောင်လွင် (ကွယ်လွန်)၊ မင်းလွင်၊သန်းအောင်၊ မင်းခန့်နှင့် မျိုးကိုမျိုးတို့က မြောက်ဥက္ကလာပမြို့နယ်ခန်းမ စားသောက်ဆိုင်တွင်စီစဉ် ပေးကြသည်။
နှစ်ပေါင်းများစွာ ကွဲကွာနေသော သူငယ်ချင်းနှစ်ယောက် ဝမ်းသာအားရနှုတ်ဆက်ကြသည်။ ကျန်းမာရေး ပြန်လည်ကောင်းခါစ အချိန်ဖြစ်သောကြောင့်သူစကားများများ မပြောနိုင်။ သို့သော် သူ့စာချုပ်ကိစ္စပြီးလျှင် ကျနော်တို့နှင့်အတူဒီမိုကရေစီလှုပ်ရှားမှုများ ထဲထဲဝင်ဝင် ပြန်လုပ်တော့မည် ဖြစ်ကြောင်း ကျနော့်ကိုကတိပေးပါသည်။ ကျနော်ကလည်း အတော်ဝမ်းသာပါသည်။ တာရာမင်းဝေ ၏ပရိသတ်အင်အားကို ကျနော် မျှော်လင့်ထားသည်။ သို့နှင့် ကျနော်တို့ နှစ်ယောက် ကိုယ့်အိမ်ကိုယ်ပြန်သွားကြပြီး လပေါင်းများစွာ မတွေ့ဖြစ်တော့။၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ မနက်တွင် မြောက်ဥက္ကလာ ကိုကံညွန့်က ကျနော့်ထံဖုန်း ဆက်လာသည်။ တာရာမင်းဝေ ဆုံးသွားပြီ ဖြစ်ကြောင်း၊ မြောက်ဥက္ကလာဆေးရုံကိုအမြန်လာစေလို ကြောင်း ပြောသည်။ ကျနော်လည်း ချက်ချင်းထွက်လာပြီး လမ်းခရီး၌ပင်ကိုသူရ (ဇာဂနာ)၊ ဇော်သက်ထွေးနှင့် မျိုးကိုမျိုးတို့ကို ဆက်သွယ်ကာ အမြန်လာဖို့
အကြောင်းကြားလိုက်သည်။
ကျနော် သူ့ကို တွေ့ရပါသည်။ ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ သူ့ကိုနှမြောတသနေသော ခံစားမှုက အားကောင်းမောင်းသန် လွှမ်းမိုးနေသည်။ ကျနော်တို့အားလုံးဈာပနအရေး ဝိုင်း၍စီစဉ်ကြ သည်။ ကျနော်၏ စိတ်ထဲတွင် တနုံ့နုံ့နှင့် ခံစားနေရသည်။ သူ၏ကျန်းမာရေးကို ဝိုင်းဝန်းဂရုစိုက်ထိန်း သိမ်းပေးသင့်သည်။ အလုပ်တွေ ဘယ်လောက်များပါစေသူ့အတွက် သူငယ်ချင်းကောင်းတစ်ယောက် အနေဖြင့် အချိန်တစ်ခု ပေးသင့်ခဲ့သည်။ အခုတော့
ပြီးသွားရှာပြီ။ အမေဒေါ်လှကြည် (တာရာမင်းဝေ၏ မိခင်) က ကျနော့်ကို မျက်ရည်များဖြင့်ပြောနေသည်။
“သားရယ်။ သူ့ကိုယ်သူ ဂရုမစိုက်ဘူး၊ မင်းကို သူ ကတိပေးထားတဲ့အတိုင်းဖြစ်လာမယ်လို့ အမေမျှော်လင့်ရင်း ဝမ်းသာခဲ့တယ်။ မင်းကလည်း လာပြီး ဂရုမစိုက်နိုင်ခဲ့ဘူး။”ကျနော် များစွာ စိတ်မကောင်းပါ။ အမေဒေါ်လှကြည်သည် ကျနော်တို့ကိုလည်းသားများအဖြစ် သတ်မှတ်ကာ ချစ်ခင်ပါသည်။ ယခုထိ တွေ့လိုက်တိုင်း မျက်ရည်စမ်းစမ်းဖြင့်တာရာမင်းဝေအကြောင်း ပြောဖြစ်သည်။၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် တာရာမင်းဝေ၏ ဈာပနကို ရေဝေးသုသာန်တွင် ပြုလုပ်ပါသည်။ ထောင်နဲ့ချီသော ပရိသတ်က လိုက်ပါပို့ဆောင်ကြသည်။ မင်းကိုနိုင်၊ ကိုကိုကြီးတို့ဦးဆောင် သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်းအင်ပြည့်အားပြည့်တက်ရောက်ခဲ့ကြသည်။ တိုက် ဆိုင်လွန်းလှသည်။ ၈၈မျိုးဆက်ကျောင်းသားများအသုံးပြုသည့် ကဒေါင်းရင်ထိုးတံဆိပ်ကို တာရာ မင်းဝေ၏ဈာပနနေ့မှ စတင်ဝတ်ဆင်ခဲ့ကြသည်။ တာရာမင်းဝေကို ထောပနာပြုသည့် အခမ်းအနား
ပြီးဆုံးသောအခါ သူ၏အလောင်းကို မီးသင်္ဂြိုဟ်ရန် သယ်ဆောင်လာခဲ့ကြပါပြီ။
မီးသင်္ဂြိုဟ်စက်နားအထိ ကျနော်လိုက်ပါလာခဲ့သည်။ ပရိသတ်များက အပြင်မှာကျန်ခဲ့သည်။ သူ့ကို မီးသဂြိုဟ်စက်ထဲ ထည့်တော့မည်။ နောက်ဆုံးအကြိမ် သူ့ကိုကြည့်ခွင့်ပေးနေသည်။ ကျနော့် မသိစိတ်က ကျနော့် အင်္ကျီတွင် ထိုးထားသော ၈၈ တံဆိပ်ကိုဖြုတ်ခိုင်းနေသည်။ ကျနော်၏ လက်များ က တာရာမင်းဝေ၏ ရင်ဘတ်ဆီရောက်သွားကာတံဆိပ်ကို တပ်ဆင်ပေးနေသည်။ အခေါင်းဖုံး ပြန် ပိတ်သွားသည်။ ထို့နောက် တီးတိုးစကားကို
ကျနော် ပြန်ကြားနေသည်။
“သူငယ်ချင်း၊ ငါတို့ကို ဆက်ပြီး ကူညီပါကွာ” ဟူ၍ ဖြစ်သည်။ အခေါင်းကားမီးသင်္ဂြိုဟ်စက်ထဲ ရောက်သွားလေပြီ။ တာရာမင်းဝေသည်လည်း ကျနော်တို့နှင့် အတူဆက်ရှိနေဦးမည်။
(တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရ စာစုများ၊ ဩဂုတ်၊ ၂၀၁၇)