စစ်မတိုက်ချင်လို့ ထွက်ပြေး ခိုလှုံလာမယ့် ရုရှား စစ်သားတိုင်းကို ကောင်းကောင်းမွန်မွန် လက်ခံထားမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကတိပြုလိုက်ပါတယ်။
ရုရှား အစိုးရက လူငယ်တွေ၊ လူလတ်ပိုင်းတွေကို အရန်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းပြီး ရှေ့တန်း စစ်မျက်နှာပို့ဖို့ တစ်ဆင့်ချင်းတိုးပြီး စီစဉ်လာတဲ့နောက် ရုရှားနိုင်ငံသား အမြောက်အမြားဟာ စစ်မှုမထမ်းရအောင် ပြည်တွင်းကနေ ထွက်ပြေးကုန်ကြပါတယ်။ အခုအခါမှာ ရုရှားဟာ အရန်တပ်ဖွဲ့ဝင် တချို့ကို စစ်မြေပြင် စေလွှတ်တဲ့ အစီအစဉ်တွေ စတင် အကောင်အထည် ဖော်နေပါပြီ။
ရုရှားမှာ စစ်မှုမထမ်းချင်လို့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပြီး ထောင်နဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံခဲ့ရပါတယ်။ အခုဆိုရင် ရုရှားအာဏာပိုင်တွေက ပြည်တွင်းမှာ လူစုလူဝေး ပြုလုပ်ခွင့်တွေကိုပါ တားဆီး ပိတ်ပင်ထားလိုက်ပါတယ်။
ဇီလန်စကီးကတော့ ရုရှားစစ်တပ်ရဲ့ လူသစ်စုဆောင်းပြီး စစ်မြေပြင် ပို့ဆောင်ခံရသူတွေဆီ ဦးတည်ပြီး စစ်မတိုက်ချင်ရင် ထွက်ပြေးလာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကိုယ့်ဆန္ဒ မပါဘဲ အတင်းအကျပ် စစ်မြေပြင် အပို့ဆောင် ခံရတဲ့သူတွေ အနေနဲ့ ရုရှားရဲ့ စစ်ရေး အစီအမံတွေကို တတ်နိုင်သမျှ နှောင့်ယှက် ဖျက်ဆီးခဲ့သင့်ကြောင်းလည်း ဇီလန်စကီးက အကြံပြုခဲ့ပါတယ်။
ယူကရိန်းရဲ့ စစ်လက်နက်တွေကြောင့် အချည်းနှီး သေကြေရတာထက်စာရင် ယူကရိန်း တပ်ဖွဲ့တွေဆီမှာ လာရောက် လက်နက်ချလိုက်ခြင်းက အများကြီး ပိုကောင်းလိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားဟာ ယူကရိန်း အရှေ့မြောက်ပိုင်း စစ်မြေပြင်တွေမှာ ဆက်တိုက် အရေးနိမ့်ပြီး သိမ်းပိုက်နယ်မြေတွေ စွန့်လွှတ်ခဲ့ရတဲ့နောက် သမ္မတ ဗလာဒီမာ ပူတင်က အရန်တပ်တွေကို စစ်ထဲ ဆွဲသွင်းမယ့် အငြင်းပွားစရာ အမိန့်သစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။