ကရင်ပြည်နယ် မြဝတီမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့ညကစလို့ မီးပျက်နေပြီး မြဝတီမြို့မှာရှိတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ အရင်ကထက်ဈေးတက်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“အရင်ကထက်စာရင်ဈေးတက်တယ်၊ တစ်နိုင်တစ်ပိုင်မီးစက်လေးတွေဝယ်ပြီးတော့သုံးနေရတယ်၊ မီးစက်ထက်ကို တရုတ်ကလာတဲ့ မီးလုံးတွေက ပိုပြီးတော့ ဈေးတက်တယ်၊ ဆင်းရဲသားတွေက များတော့ ပိုပြီးတော့ ဒုက္ခရောက်တဲ့လူတွေက ပိုများတာပေါ့” လို့ ဆိုပါတယ်။
အရင်က မြဝတီမြို့မှာ တရုတ်ကလာတဲ့ အားသွင်းလို့ရတဲ့ မီးလုံးတွေဟာ အရင်ကထက် ဈေး၃ဆ လောက်တက်သွားတာဖြစ်ပြီး မီးစက်ဖွင့်တဲ့နေရာမှာ မီးအားသွားသွင်းရင် ဘတ်ထရီတွေက အရွယ်အစားကြီးရင်ကြီးသလိုဈေးပိုပေးရတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“တရုတ်ကလာတဲ့ အားသွင်းမီးသီးတွေဟာ အရင်က ၂၅၀၀လောက်ဘဲပေးရတယ်၊ အခုဆို ၄၀၀၀လောက်ပေးနေရပြီး၊ တစ်ချို့ပစ္စည်းကောင်းတဲ့မီးသီးတွေဆို ၁၀၀၀၀လောက်အထိပေးရတယ်၊ ဘတ်ထရီကတော့ မနက်ဆိုရင်မီးအားသွင်းတဲ့နေရာမှာ ပိုက်ဆံပေးပြီးမီးအားသွားသွင်းတယ်၊ ညကျပြန်ယူလာပြီးဖွင့်တယ်၊ ဘတ်ထရီတွေကတော့ အလုံးအသေးဆိုရင် ၂၀၀၀လောက်ပေးရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုင်းနယ်စပ်မှာတည်ရှိတဲ့ မြဝတီမြို့ဟာ ထိုင်းနိုင်ငံဘက်ကနေ မီးယူလို့ရပေမယ့် ဈေးကြီးတာကြောင့် မီးယူနိုင်တဲ့ အိမ်ထောင်စု နည်းပါးတယ်လို့ သိရပါတယ်။