တော်လှန်ရေးသစ္စာတရားနှင့်အန္တရာယ်ကို မီးနှင့်မကစားသင့်၊ ဖိုင်အနီပိတ်ချိန်တန်ပိတ်ပေးပါ

 

အင်္ဂလန်နေမဝင်အင်ပါယာကြီး၏ ဝိတိုရိယဘုရင်မကြီးနှင့် မြို့စားကြီး ကွန်ကော့မင်းသား ကြီးတို့မှ သား ၅ ဦး၊သမီး ၄ ဦးထွန်းကားခဲ့သည်။ သမီးတော်အကြီးဆုံးဝိတိုရိယမင်းသမီးကြီးမှာ

ပရပ်ရှား ဂျမာန် ဘုရင်ဖရက်ဒရစ်ကိုင်ဇာ ၃ နှင့် လက်ဆက်ခဲ့သည်။ နောက်သမီးတော်တစ်ဦးဖြစ်သည့် အဲလစ်မှာ ရုရှားဇာဘုရင် နီကိုးလပ်နှင့် လက်ဆက်ခဲ့သည်။ မြစ်တော်တစ်ဦးဖြစ်သည့် အဲနာမှာ စပိန် ဘုရင် အဲလ်ဖွန်ဆို ၁၃ နှင့် လက်ဆက်ခဲ့သသည်။ နောင်မြစ်တော်တစ်ဦးမှာ ရူမေးနီးယားဘုရင် ဖာဒီနန် ၁ နှင့် လက်ဆက်ခဲ့သည်။ နောက်တစ်ဦးမှာ ဆွီဒင် ကာဂူးစတတ်ဘုရင်နှင့် လက်ဆက်ခဲ့သည်။ ဝိတိုရိယ ဘုရင်မကြီး၏ မြေးတော်တစ်ဦးဖြစ်သည့် အမည်တူ ဝိတိုရိယမင်းသမီး၏ သမီး၊ ဘုရင်မကြီး၏ မြစ်တစ်ဦးမှာ ဂရိဘုရင်ကွန်စတင်တိုင်း ၁ နှင့် လက်ဆက်ခဲ့သည်။ နောက်တစ်ဦးမှာ နော်ဝေဘုရင် ယာကွန်းနှင့် လက်ဆက် ခဲ့သည်။ နောက်ထပ်မြစ်တစ်ဦးမှာ ယူဂိုဆလပ်ဘုရင် အလက်ဇန္ဒယားနှင့် လက်ထပ်ခဲ့သည်။ ဥရောပနန်းရင်ပြင်ပလ္လင်တစ်ခုလုံး ဝိတိုရိယအမျိုးများကြီး ဖြစ်နေ၍ ဝိတိုရိယခေတ် ဟုခေါ်ကြသည်။ ဟန်နိုဗာခေတ်မှသည် ဝိတိုရိယခေတ်ဟု ခေါ်ကြကြောင်း ဖတ်ရသည်။

ထိုစဉ်က ဥရောပထီးနန်းအားလုံးကို  ဟန်းစဘတ်မိသားစုကြီးနှင့် ဘာဘွန်းမိသားစုကြီးနှစ်ခုမှ ဆင်းသက်လာသော အဆက်အနွယ်များက ချုပ်ကိုင်ထားကြသည်။ ထိုမိသားစုကြီးများမှာလည်း သမိုင်းကို လွန်ခဲ့သည့် နှစ်ပေါင်းများထောင်ချီမှ ရောမအင်ပါယာမှ ဆင်းသက်လာကြောင်း ချိတ်ဆက် ထားကြပြန်သည်။

မြန်မာဘုရင်တို့ သာကီဝင်းမင်းမျိုးနှင့် အမျိုးစပ်ထားသကဲ့သို့ပင် ဖြစ်မည်ထင်သည်။ ဥရောပ ဘုရင်သွေးမှန်သမျှ Holey Rome Emperor မှ ဆင်းသက်လာသော တော်မျိုးတော်နွယ်များကြီးသာ ဆိုချင်ပုံရသည်။

ဥရောပသမိုင်းတစ်လျှောက်ဖြစ်ခဲ့သော တိုက်ပွဲများမှာ မင်းဆက်မိသားစုနှစ်ဖက်နှင့် မင်းဆက် မိသားစုဝင်အချင်းချင်းကြား တိုက်ခဲ့သောစစ်ပွဲများသာ ဖြစ်ကြသည်ဟု ဆိုရမည်။ ပြင်သစ်တော်လှန် ရေး ပြီးသည့်နောက် နပိုလီယံစစ်ပွဲများတွင် နပိုလီယံသည်သာမာန်စစ်ဗိုလ်ဘဝမှ ဧကရာဇ်ဘွဲ့ခံသော် လည်း ဥရောပမင်းဆက်များက အရာမသွင်းကြ။ ပြင်သစ်တော်လှန်ရေးက ဖြုတ်ချခံရသော အင်္ဂလန် နန်းတွင်းနှင့်လည်း အမျိုးတော်သော လူဝီမျိုးဆက်ကိုသာ အသိအမှတ်ပြုကြသည်။ နပိုလီယံသည် ဩစတြီးယားမင်းသမီးနှင့် လက်ဆက်၍ တော်မျိုးတော်နွယ်အသိုင်းအဝိုင်း ဝင်ဆန့်ရန် အားထုတ်ရှာ သည်။

 

လူပေါင်းသန်း ၂၀ ကျော် သေဆုံးစေခဲ့သော ပထမကမ္ဘာစစ်၏ အဓိကပြိုင်ဖက်ဖြစ်သော အင်္ဂလန်နှင့် ဂျာမနီမှာ ဝိတိုရိယဘုရင်မကြီး၏ မြေးတော်နှင့်မြစ်တော်ကြား ဖြစ်သည်။ အင်္ဂလန်၊ ပြင်သစ်၊ ရုရှားမဟာမိတ်တွင် အင်္ဂလန်ဘုရင်နှင့် ဇာဘုရင်မှာလည်း အမျိုးပင် ဖြစ်နေသည်။

တဖန် ဂျာမန်၊ ဩစတြီးယား၊ ဟန်ဂေရီ၊ အီတလီ မဟာမိတ်မှာလည်း ဆွေတစ်စမျိုးတစ်စဖြစ်သည်။

ပထမကမ္ဘာစစ်ကြီးဖြစ်ကြသည်။ လူသန်း၂၀ကျော် သေသည်။ ဂျာမန်ဝင်ရိုးတန်း စစ်ရှုံးသည်၊ ဗာဆိုင်းစာချုပ်ချုပ်သည်။ နယ်မြေ အပေးအယူ လုပ်ရသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး ပေါ်လာ သည်။ ရုရှားတော်လှန်ရေးကြောင့် ဇာဘုရင်ပြုတ်သွားသည်။ ဂျာမန်စစ်ရှုံးမှုကြောင့် ကိုင်ဇာဘုရင် အာဏာကုန်၍ ရုပ်ပြဖြစ်သွားသည်။ ဝိုင်မာသမ္မတစနစ်နှင့် ဟစ်တလာ ပေါ်လာသည်။ စစ်ကြီးပြီး၍ မင်းဆက်အမျိုးတွေ ပုလ္လင်ပြုတ်သူ ပြုတ်သွားသည်။ နယ်နိမိတ်တွေ ပြောင်းသွား သည်။ လူသန်း ၂၀ ကျော်အတွက် စစ်ခုံရုံးတင်ရမည့်သူ မရှိ ပြီးသွားသည်။

ထို့နောက် ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ဂျာမန်၊ အီတလီ၊ ဂျပန်ဝင်ရိုးတန်း စစ်ရှုံးသွားသည်။ လူ သန်း ၅၀ ကျော်သေသည်။ စစ်အပြီး ကုလသမဂ္ဂ ပေါ်လာသည်။ စစ်ရှုံးနိုင်ငံများမှ စစ်သူကြီးများ စစ်ခုံ ရုံးတင်ခံရသည်။ ဂျာမန်နှင့် ဂျပန်တို့ စစ်အတွင်းက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက်ဆိုကာ ဂျင်နရယ်တိုဂျိုအပါအဝင် လက်တစ်ဆုပ်စာ ပြစ်ဒဏ်စီရင်ခြင်းဖြင့် ပြီးသွားသည်။ ဂျာမနီစစ်ခေါင်း ဆောင်အချို့နှင့် ဂျူးလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ထိပ်တန်းတာဝန်ရှိသူအချို့ စီရင်ခြင်းဖြင့် ပြီးသွား သည်။ လူသန်း ၅၀ သေဆုံးရမှုအတွက် နှစ်ဖက်စလုံးမှာ တာဝန်ရှိ၍ နှစ်ဖက်စလုံး တာဝန်မရှိ ပြည်ဖုံး ကားချသွားသည်။

စစ်ပွဲကြီးများအပြီးတွင် ရှုံးသူသည် စစ်၏အကောင်းအဆိုးအားလုံးကို တာဝန်ခံရမည် ဖြစ် သည်။ နိုင်သူက ရှုံးသူအပေါ်ပုံချမည် ဖြစ်သည်။ စစ်ပွဲကြောင့် နစ်နာသည့် ဝန်ထုပ်ဝန်ပိုးနှင့် ပြည်သူ များ၏ အမျက်ဒေါသကို စစ်ရှုံးသူထံ လွှဲပြောင်းပေးလိုက်မည်ပင် ဖြစ်သည်။

ကမ္ဘာစစ်ကြီးအတွင်း သန်းပေါင်းများစွာ သေဆုံးရမှုအတွက် တာဝန်အားလုံးကို လူတစ်စုထံ တွင် စုပြုံတင်ပေးလိုက်ပြီး ကျန်သည့် စစ်အတွင်းကျူးလွန်မှုများကို မျဉ်းပိတ်လိုက်ကြသည်။ အဆိုပါ စစ်ပွဲများသည် မင်းဆွေ၊ မင်းမျိုးချင်း၊ အရင်းရှင်အချင်းချင်း ပြိုင်ဆိုင်သောစစ်ပွဲများ ဖြစ်သည်။

သို့သော် တော်လှန်ရေးများတွင် အခြေခံမှစ၍ ပြောင်းလဲသောစနစ်အရ  အပေါ်ပိုင်း လက် တစ်ဆုပ်စာ စီရင်ပြစ်ဒဏ်ချရုံဖြင့် ပြီးမသွားသည်ကို တွေ့ရသည်။ ပြင်သစ်တော်လှန်ရေးတွင် လူဝီ ဘုရင်နှင့် ဆွေတော်မျိုးတော်များသာမက အစွယ်အပွား အားလုံးပါ စီရင်သည်ကို တွေ့ရသည်။ အလားတူ တော်လှန်ရေးဖြင့် အမြစ်ကအစ စီရင်မှုဥပမာများ တွေ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီး စစ်ရာဇဝတ်ခုံရုံး ပေါ်လာသည့်နောက်ပိုင်း ဖြစ်ပွားခဲ့သော တော်လှန်ရေးများတွင် ပြည်သူ့တရားစီရင် ရေးစနစ်ဖြင့်၊ ပြည်သူ့ခုံရုံးစနစ်ဖြင့် အမြစ်ကစ စီရင်သည့် နမှုနာများစွာ ရှိခဲ့သည်။

စစ်အေးခေတ်အပြီးတွင်တော့ ဆိုဗီယက်ပြိုအပြီး ယူဂိုဆလပ်၊ အရှေ့ဥရောပစစ်ပွဲများတွင် မြောက်များလှစွာသော စစ်ရာဇဝတ်မှုများအတွက် ဆလပ်စစ်ခေါင်းဆောင် မလာဒစ်နှင့် မျဉ်းပိတ်ပေး လိုက်သည်။

ယခုမြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်တပ်မှကျူးလွန်မှုသက်သေများ သိန်း၊ သန်းနီးပါး စုဆောင်းရရှိပြီးဟု ဆိုသည်။ စစ်အုပ်စုနှင့် စကစရှုံးမည် သေချာနေသည်။ စကစ၏ ယခုစစ်အုပ်စုကြီး တစ်ခုလုံးကို နွေဦးတော်လှန်ရေးတွင် ပြည်သူအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပက်သက်၍ နိုင်ငံတကာက ဘာမျှမပြောသေး။ နိုင်ငံတကာစစ်ခုံရုံးသို့ ပို့ရန်အတွက် ရိုဟင်ဂျာကိစ္စဖြင့်သာ ပို့ဆောင် မည်ဟု အသံထွက်ထားသည်။

မည်သို့ပင်ဖြစ်စေ ရိုဟင်ဂျာကိစ္စအတွက် ထွက်ထားသော စာရင်းအတိုင်းကတော့ အချိန်တန် လျှင် စစ်ရာဇဝတ်ခုံရုံး ပို့ခံမည် ဖြစ်သည်။

ဤသို့ဆိုလျှင် ယခုနွေဦးတော်လှန်ရေးအတွင်း ပြည်သူကို ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုပေါင်း သိန်း၊ သန်းချီအတွက်

– မည်သူများကို အရေးယူရမည်နည်း။

– ပြည်တွင်းဥပဒေအရ အရေးယူရမည်လား။

– နိုင်ငံတကာဥပဒေအရ အကျုံးဝင်၊ မဝင်။

– ပြည်တွင်းအရေးယူမှုတွင် မည်သည့်အဆင့်များအထိ အရေးယူအပစ်ပေးရမည်နည်း။

– ကျူးလွန်ခဲ့သော ပြစ်မှုသိန်းနှင့်ချီအတွက် တရားခံ သိန်းချီကို သာမန်တရားရေးစနစ်က ဖြေရှင်း နိုင်ပါမည်လား။

– ကျူးလွန်သူအားလုံးကို ပြည်သူ့တရားစီရင်ရေး၊ ပြည်သူ့ခုံရုံးစနစ် အသုံးပြု စစ်ဆေးပြစ်ဒဏ်ချ မည်လား။

– စကစ တစ်ဖွဲ့လုံး ပြည်တွင်းတရားဥပဒေစနစ်ဖြင့် စစ်ဆေးစီရင်ပြစ်ဒဏ်ချမည်လား။

 

စသဖြင့် မည်သို့ ဆက်လက်လုပ်ဆောင်မည် မသိသေးဟု ဆိုရမည်ဖြစ်သည်။

 

သို့သော် နွေဦးတော်လှန်ရေး၌ ဒေသန္တရပြောက်ကျားအဖွဲ့များ၊ LPDF များ၊ မြို့ပြပြောက်ကျား များ၊ UG များအတွက်တော့ စစ်ခုံရုံးထိုင်စစ်ဆေးမှုအချို့ကိုအား တော်လှန်ရေးဘက်မှ လုပ်ဆောင်မှု အချို့တော့ တွေ့နေရသည်။

ထိုအချိန်တွင် စစ်ကောင်စီနှင့်စစ်တပ်၏ အဆင့်မျိုးစုံမှ လူသတ်၊ မုဒိမ်းကျင့်၊ လုယက်၊ မီးရှို့ စသဖြင့် ကျူးလွန်မှုအနန္တအတွက် မည်သည့် စစ်ခုံရုံးမှမရှိသည်ကို တွေ့ရသည်။ မြို့ပြပျောက်ကျား များ၊‌ UG များ၊ LPDF များသည် တော်လှန်ရေးကာလအတွင်း အနည်းနှင့်အများ အမှားအယွင်း ရှိကောင်းရှိနိုင်မည် ဖြစ်သည်။

ဤနေရာတွင် မတော်တဆ မှားယွင်းမှု၊ ရည်ရွယ်ချက်မရှိသော မှားယွင်းမှုများသာ ဖြစ်သည်။

ပြည်သူထိခိုက်မှု အနည်းဆုံး နည်းပရိယာယ်ကို ရွေးချယ်ရသည့်အတွက် ရန်သူ၏ ပစ်မှတ်အမာများကို သာ ဦးတည်ပစ်မှတ်ထားရတော့သည်မှာ သဘာဝ ဖြစ်သည်။ အဆိုပါ ပစ်မှတ်အမာများကို ရွေးချယ် တိုက်ခိုက်ကြရသည့်အတွက် ထိခိုက်ကျဆုံးမှုနှင့် ပေးဆပ်ရသည့် အရင်းအနှီးလည်း ကြီးကြသည်။

ထိုအထဲမှ ရည်ရွယ်ချက်မရှိသော မှားယွင်းချွတ်ချော်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အဆိုပါ ရည်ရွယ်ချက်မပါသော မှားယွင်းချွတ်ချော်မှုကို စကစနှင့် စစ်တပ်၏ ကြိုတင်ကြံရွယ် ချက်ပါသော စနစ်တကျ ကျူးလွန်ရန် စီမံချက်ပါသော ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သော ပြစ်မှုများနှင့် တစ်သဘောတည်းထားရန် မသင့်ဟု ယူဆသည်။

စကစနှင့်စစ်တပ်၏ ကြိုတင်ကြံစည်မှုဖြင့်၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် မရေမတွက် နိုင်သော စစ်ရာဇဝတ်မှုများမှာ ကင်းလွတ်ခွင့်ရနေပြီး၊ တော်လှန်ရေးအဖွဲ့များ၏ နည်းပါးလှသော၊ ရေတွက်၍ ရသော တိမ်းစောင်းမှု အနည်းငယ်အတွက် စောင့်ကြည့်၊ စစ်ဆေး၊ စစ်ခုံရုံးဖွဲ့မည်ဆိုသည် မှာတော့ တရားမျှတမှု မရှိဟု ယုံကြည်သည်။ မြို့ပြUG များ၏ သဘောသဘာဝနှင့်ဒေသ UG များ၏ သဘောသဘာဝမှာ မည်သူများ ဖြစ်သည်ဆိုသည်ကို မည်သို့မျှ မသိနိုင်သော သဘောသဘာဝ ဖြစ် သည်။ တော်လှန်ရေးပြီးဆုံး၊ အောင်မြင်ပြီးသွားသည့်နောက်လည်း အများစုမှာ ဆက်လက် ငုပ်လျိုး၍ ပုံမှန်ဘဝတွင် ပြန်လည်နေထိုင်ကြမည့်သူများ ဖြစ်ကြသည်။

သူတို့သည် တော်လှန်ရေးအောင်ပွဲခံမှု့တွင် ပျော်ရွှင်အောင်ပွဲခံရန် အခွင့်အရေး၊ အခြေအနေ

မပေးသူက အများစုဖြစ်သည်။ သို့သော် တော်လှန်ရေးသမားအချင်းချင်းကြားထဲတွင်တော့ ဘယ်အဖွဲ့၊ ဘယ်သူတွေ ဆိုတာလောက်တော့ ရိပ်မိသိရှိကြမည် ဖြစ်သည်။

စိတ်မကောင်းစရာတစ်ခုမှာ တော်လှန်ရေးအဖွဲ့များ၏ ရည်ရွယ်ချက်မရှိသော မတော်တဆ မှားယွင်းမှုများကို တော်လှန်ရေးအင်အားစုဘက်မှပင် အချက်အလက် စုစောင်း၊ စောင့်ကြည့်သလို ဖြစ် နေခြင်းပင်ဖြစ်သည်။

 

နွေဦးတော်ဘှန်ရေးတွင်အောင်ပွဲရ၍ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေ၊ ဒီမိုကရေစီ စနစ်အရ ကာယကံရှင်မိသားစုဝင်များမှ မ‌ကျေနပ်၍ တရားစွဲဆိုမှုများရှိလာပါက မည်သူ၊ မည်သည့် အဖွဲ့ဆိုသည့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားသလို ဖြစ်နေသည်။

တစ်ဖက်တွင် တရားမျှတမှုဆိုသည့်အတွက် ရှိသော်လည်း တစ်ဖက်တွင် “တော်လှန်ရေး သစ္စာ တရား” ရှိနေသည်။

အဆိုပါ အချက်အလက်များသည် မည်သည့်နေရာမှ ပေါက်ကြားလာမည်ကို မသိရသော်လည်း

ယခုအချိန်တွင် အဆိုပါအချက်အလက်များ စုဆောင်းသိမ်းဆည်းသိုလှောင်နေသော အဖွဲ့များတွင် တာဝန်ရှိနေသလို ဖြစ်နေသည်ကို သတိပြုရန် ဖြစ်သည်။

ဗိုလ်ခင်ညွန့်၏ ကျွန်တော် မှော်ဝန်းသားစာအုပ်တွင် မုတ္တမပင်လယ်ပြင်မှ ဘိန်းဖြူသင်္ဘော အစီး လိုက်တန်ချိန် ရာနှင့်ချီ ဖမ်းဆီးရရှိမှုအကြောင်းကို ရေးထားသည်။ အဆိုပါအမှုကို အဆင့်ဆင့်လိုက်ရာ အဆိုပါသင်္ဘောမှာ ဗိုလ်ချူပ်မောင်အေး၏ သမီးနန္ဒာအေး၏ ပိုင်ဆိုင်မှုဖြစ်သည်အထိ ရောက်လာ သည်။ ဤတွင် ဗိုလ်ခင်ညွန့်က ရောက်သည့်နေရာတွင် ရပ်ရန်၊ ဆက်မလိုက်ရန်၊ အချက်အလက် အားလုံး ဖျောက်ပစ်ရန် ညွန်ကြားလိုက်ရသည်ဟု ရေးသားထားသည်။

စစ်တပ်တွင် ထောက်လှမ်းရေး သာမာန်ညွှန်မှုးအဆင့်နှင့် လက်ရုံးတပ်တစ်ခု၏ ကံကြမ္မာ အတွက် အမြန်ရပ်လိုက်ရသည့်သဘော ဖြစ်သည်။ သို့အတွက် ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးအုပ်စု အသက်နဲနဲ ပိုရှည်ခွင့်ရသွားသည့်သဘော ဖြစ်သည်။ စစ်အုပ်စုဥပမာမှာ ဥပမာကောင်း မဟုတ်သော် လည်း “အန္တရာယ်နှင့်သစ္စာရှိမှု”ကစားပွဲ၏ အနံ့အသက်ပင် ဖြစ်သည်။

အမေရိကန် CIA  ရုပ်ရှင်များ၌ အချို့ကိစ္စများသည် နိုင်ငံတော်အကျိုး၊ အဖွဲ့အစည်းအကျိုး အတွက် အနီရောင်ကြက်ခြေခတ်၊ ဖိုင်အပြီးပိတ်ပေးလိုက်ပြီး၊ အစအနမှန်သမျှ ဖျောက်ဖျက်ပစ်လိုက် ရသည့် သဘောပင် ဖြစ်သည်။

ပြန်ကောက်ရလျှင် ကမ္ဘာစစ်ပွဲသမိုင်းအရ သမိုင်းခြေရာခံ၍ရသော အချိန်မှစ၍ ယခုရာစုအထိ စစ်ကြောင့်သေဆုံးရသူ သန်းတစ်ထောင်ကျော်ရှိပြီဟု ပညာရှင်များခန့်မှန်းကြသည်။ စစ်ပွဲတစ်လျှောက် စစ်ရာဇဝတ်မှု သန်းပေါင်းရာချီမကပင် ရှိမည်ဖြစ်သည်။ ခေတ်သစ်စစ်ပွဲ ပထမကမ္ဘာစစ်သန်း ၂၀ ကျော်၊ ဒုတိယကမ္ဘာစစ်သန်း ၅၀ ကျော်သေဆုံးမှုတွင် အသေးစိတ်စစ်ရာဇဝတ်မှုပေါင်း သန်းချီ၍ ရှိမည်ဖြစ်သည်။ ကမ္ဘာစစ်ကြီးပြီးသွားသည်မှာ နှစ် ၇၀ ကျော်ပြီ ဖြစ်သော်လည်း ဂျူးလူမျိုး ၆ သန်း ကျော်အတွက် နောက်ဆက်တွဲ အိုက်ခမန်းစစ်ဆင်ရေးစာအုပ်ကို နိုင်ငံစုံ ဘာသာပြန်ထုတ်ဝေခြင်းဖြင့်

ဂျူးတို့လည်း ကျေနပ်လိုက်ရသည်။

ဒုတိယကမ္ဘာစစ် စစ်ရာဇဝတ်ကောင်များလည်း အသက်ထက်ဆုံး သာမာန်ဘဝဖြင့် နေထိုင် သွားကြရင်း သေဆုံးသွားကြသည်မှာ အရိုးဆွေးလောက်ပြီ ဖြစ်သည်။ မင်းဆက်များတိုက်ကြသည် ပထမကမ္ဘာစစ်နှင့် အတိတ်စစ်ပွဲများသည် စာရွက်ပေါ်တွင် ဖတ်ရသောသမိုင်းများ ဖြစ်သွားပြီ ဖြစ် သည်။

ဤသဘာဝဖြစ်စဉ်ကြီးတွင် ရှုံးနိမ့်သူကိုအရေးယူရမည်ဖြစ်သည်။ မြန်မာ့နွေဦးတော်လှန်ရေး သည် ပြည်သူနိုင်ပြီး စစ်အုပ်စုရှုံးမည် ဖြစ်သည်။ စစ်အုပ်စုရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သော စစ်ရာဇ ဝတ်မှုသက်သေ သိန်းချီစုဆောင်းပြီးပြီဟု ဆိုနေကြသည်။ အဆိုပါသက်သေ သိန်းချီနှင့် တရားခံ သိန်းချီအတွက် မည်သို့ တရားစီရင်မည်ကို မသိရသေး။

တည်ဆဲပြဌာန်းဥပဒေ၊ စစ်ဥပဒေများအရဆိုလျှင် အချိန်မည်မျှကြာမည် မခန့်မှန်းနိုင်သေး။

တော်လှန်ရေးအောင်မြင်ပြီး နောက်ဆက်တွဲအခြေအနေများသည် နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေ၊ ပြည်သူ၏သဘောထားရေချိန်အပေါ် မှုတည်၍ အမည်းပေါ် အဖြူမှုန့်ပက်သလောက်နှင့် ပြီးသွားမည် ဖြစ်သည်။

ထိုသို့အခြေအနေမျိုးတွင်မှ မြို့ပြ UG များ၊ LPDF များ၏ ရည်ရွယ်ချက်မရှိသော မှားယွင်း မှုများသာ စစ်ရာဇဝတ်မှုများအဖြစ် ပေါ်ထွက်လာပါက မပြေးသောကံရာရှိ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်။ ယခု အချက်အလက်စုဆောင်းထားသူတို့၏ တာဝန်ပင်ဖြစ်သည်။

တော်လှန်ရေးကာလတွင် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ ကျုးလွန်နေသော စစ်ရာဇဝတ်မှုများကို

အာရုံမထားပဲ တော်လှန်ရေးအဖွဲ့များ၏ မတော်တဆ ရည်ရွယ်ချက်မပါသော လွဲချော်မှုများကိုသာ

အာရုံစိုက်နေခြင်းသည် မြန်မာတို့အရပ်စကားအရ ဆင်ဟိုဝှာ အနာလုပ် ဆိုသလိုဖြစ်နေပြီထင်မိပါ ကြောင်းနှင့် အနာဂတ်ကာလ “အန္တရာယ်နှင့်သစ္စာရှိမှု” ကစားပွဲအတွက် မီးနှင့်ကစားသလို မဖြစ်သင့်ဟု မြင်မိပါကြောင်း။

အညတရ

ကိုးကား။။ မောင့်ဘက်တန်(မောင်ဇေယျ)