ကန်ဒုသမ္မတရဲ့ တောင်ကိုရီးယားခရီးစဉ် မတိုင်မီ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်

Photo – AFP

မြောက်ကိုရီးယားဟာ  ပဲ့ထိန်းဒုံးကျည်တစင်းကို ဒီကနေ့ စက်တင်ဘာလ ၂၅ရက်နေ့မှာ အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ပြင်ဆီကို ပစ်လွှတ်ခဲ့ပါတယ်။ 

ဒါဟာ စီစဉ်ထားတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ အမေရိကန် ဒုသမ္မတ ကာမီလာ ဟာရစ်ရဲ့ တောင်ကိုရီးယားခရီးစဉ် မတိုင်ခင် ပြုံယမ်းက အခုလို လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဒေသစံတော်ချိန် မနက် ၇နာရီမထိုးခင်လောက်က မြောက်ပြုံယမ်းပြည်နယ်ကနေ တာတိုပစ်ပဲ့ထိန်း ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ 

ဂျပန် ကာကွယ်ရေးဝန်ကြီး Yasukazu Hamadaကလည်း အဲဒီဒုံးကျည်ဟာ အများဆုံးအမြင့် ကီလိုမီတာ ၅၀လောက်အထိ ရောက်ရှိခဲ့တယ်လို့ ခန့်မှန်းကြောင်း ဆိုပါတယ်။

ဒုံးကျည်ဟာ ဂျပန်ရဲ့အထူးစီးပွားရေးဇုန် ဧရိယာအပြင်ဘာကို ကျလာခဲ့ပေမယ့် တစုံတရာ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။ 

အခုပစ်ခတ်မှုအပါအဝင် မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှု ၁၉ကြိမ်မြောက်ရှိလာပြီးဖြစ်ပြီး ဒါဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အနေအထေားဖြစ်တာကြောင့် ကန့်ကွက်တဲ့ အကြောင်းကို ဘေဂျင်းမြို့အခြေစိုက် မြောက်ကိုရီးယားသံရုံးဆီ အကြောင်းကြားခဲ့တယ်လို့ မစ္စတာ Hamada က ဆက်ပြောပါတယ်။

တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရေးမှာ ပါဝင်ဖို့ USS Ronald Reagan လေယာဉ်တင်စစ်ရေယာဉ် ရောက်ရှိနေပြီဖြစ်ပြီး အခုသီတင်းပတ်ထဲမှာပဲ အမေရိကန်ဒုသမ္မတ မစ္စတာ ဟာရစ်လည်း ဆိုးလ်ကို လာရောက်မှာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ အရင်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက ကန့်ကွက်ခဲ့ပြီး အခုအခါမှာတော့ တရုတ်နဲ့ ရုရှားကလည်း ဝိုင်းဝန်းဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။