
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် သေနတ်၊ကျည်ဆံ၊ ဗုံးနဲ့မိုင်းထိပြီး ပျက်စီးတဲ့ မော်တော်ယာဉ်တွေကို အာမခံလျော်ကြေးပေးတော့မှာမဟုတ်ဘူးလို့ မြန်မာ့အာမခံအသင်းက အခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်ပါတယ်။
“ကျွန်တော်တို့အာမခံကုမ္ပဏီတွေဘက်ကတော့ သူတို့ထုတ်တဲ့အတိုင်းလိုက်ဖို့ပဲရှိတာပေါ့၊ စည်းမျဥ်းအရလျော် ဆိုရင်လျော်လိုက်မယ်၊လျော်ဖို့အကျုံးမဝင်ဘူးဆိုရင် မလျော်ဘူးပေါ့”လို့ အာမခံကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
အထွေထွေအာမခံကုမ္ပဏီတွေက လက်ရှိရောင်းချနေတဲ့ အလုံးစုံမော်တော်ယာဉ် အာမခံ ပေါ်လစီမှာ ပြဌာန်း ထားတဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ထပ်တိုးသတ်မှတ်ချက်တချို့ကို အာမခံအသင်းက ထုတ်ပြန်လိုက်တာပါ။
ထုတ်ပြန်တဲ့ သတ်မှတ်ချက်တွေအရ စစ်ဘေးအာမခံမှာ အကြမ်းဖက်ဥပဒေနဲ့ငြိစွန်းတဲ့ ထိခိုက်ပျက်စီးမှုတွေဟာ လျော်ကြေးအတွက် အကျုံးမဝင်ဘူးလို့ဖော်ပြထားပါတယ်။လက်ရှိနိုင်ငံတဝန်းမှာ တိုက်ပွဲတွေနဲ့ဖောက်ခွဲ တိုက် ခိုက်မှုတွေနေရာအနှံ့ရှိနေပြီးဖြစ်ရပ်အများစုကို အကြမ်းဖက်မှုတွေလို့ စစ်ကောင်စီကသတ်မှတ်ကြေညာနေ တာပါ။
ဒါ့အပြင် အခုထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေအရ ရပ်ထားတဲ့ကားကို တိရိစ္ဆာန်တွေက ဖျက်ဆီးလို့ ပျက်စီးရင် လည်းလျော်ကြေးအတွက်အကျုံးမဝင်ဘူးလို့ ဖော်ပြထားပါတယ်။ဒီလိုအသစ်ထပ်တိုးလာတဲ့ စည်းမျဉ်းတွေ ကြောင့် လက်ရှိသက်တမ်းကုန်ရင် အာမခံဆက်မထားတော့ဘူးလို့ မော်တော်ယာဉ်အလုံးစုံအာမခံဝယ်ယူထားတဲ့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။
“စည်းမျဉ်းတွေက တအားကိုတင်းကျပ်ထားတယ်၊အဓိကကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေကို သူတို့ ဘက်က ဖိအားပေးတာပါပဲ၊၊နောက်တတခုက ရပ်ထားတဲ့ကားကို တိရိစ္ဆာန်လုပ်လို့ ထိခိုက်ရင်တောင် အကျုံး မဝင်တော့ဘူးဆိုရင် အာမခံကဘာလုပ်ဖို့ထားတော့မှာလည်း၊မထားတော့ဘူးပေါ့”လို့သူကပြောပါတယ်။
မြန်မာ့အာမခံအသင်းက ဩဂုတ် ၂၄ ရက်မှာပြုလုပ်တဲ့ အစည်းအဝေးအပြီး အခုလို အာမခံစည်းမျဉ်းတွေ ပြင်ဆင်လိုက်တာဖြစ်ပြီး အလုံးစုံအာမခံများပေါ်လစီကို ရှင်းလင်းပြတ်သားမှုရှိစေဖို့လို့ ရေးသားဖော်ပြထားတဲ့ အချက်သုံးချက်ပါတဲ့ ထုတ်ပြန်ချက်ကို အာမခံကုမ္ပဏီတွေဆီစက်တင်ဘာ ၁၉ ရက်မှာ ပေးပို့အကြောင်းကြား လာတာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး စစ်ကောင်စီကထိန်းချုပ်ထားတဲ့ အာမခံလုပ်ငန်းဘုတ်အဖွဲ့က အာမခံအသင်းကို ညွှန်ကြားမှုတွေပေးနိုင်တဲ့အခြေအနေမှာရှိပါတယ်။လက်ရှိ အာမခံကုမ္ပဏီတွေထဲမှာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီလည်း ပါဝင်ပါတယ်။
လက်ရှိ ထုတ်ပြန်တဲ့ စည်းမျဉ်းအရ အကြမ်းဖက်ဥပဒေနဲ့ငြိစွန်းတဲ့ ထိခိုက်ပျက်စီးမှုတွေကို လျော်ကြေးမပေး ဘူး ဆိုပေမယ့် အရင်တုန်းက လျော်ကြေးပေးတာတွေရှိခဲ့ပါတယ်။
အေအေ တပ်ဖွဲ့က ပစ်ခတ်လို့ ပျက်စီးသွားတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် တံတားသံဘောင်နဲ့ ဆက်စပ် ပစ္စည်းတွေအတွက် IKBZ အာမခံကုမ္ပဏီက ဝန်ကြီးဌာနကို လျော်ကြေး ကျပ်သိန်းငါးထောင်နီးပါး၂၀၁၉ခုနှစ်အတွင်း ပေးလျော်ခဲ့ရဖူးပါတယ်။