ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်ထဲက ဇရပ်လှ ၊ ကျုံပတုပ် ၊ ပိတောက်ချောင် စတဲ့ကျေးရွာတွေက ဒေသခံ (၃၀) နီးပါးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံအချို့က DNA ကိုပြောပါတယ် ။
ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာဘူး(ခ)ကျော်သိန်းဝင်းကို စက်တင်ဘာလ (၁၄) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနေစဉ် သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် ဆေးရုံအရောက်မှာ သေဆုံးသွားပြီး နောက်ပိုင်းမှာ အခုလို ဖမ်းဆီးနေတာလို့ သိရပါတယ် ။
“မသင်္ကာပေါ့ အစ်ကိုရာ ၊ မသင်္ကာဆိုပြီး လိုက်ဖမ်းတာ ထုံးစံအတိုင်းပေါ့ ၊ အရင်တုန်းက အုပ်ချုပ်ရေးမှူး အဟောင်းတွေပါတယ် ၊ NLD ထောက်ခံသူတွေလည်း ပါတယ်”လို့ ဇရပ်လှရွာသားတဦးက ပြောပါတယ် ။
ဇရပ်လှရွာဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း လက်နက်မှုတွေနဲ့ ဖမ်းဆီးခံရဖူးတာ ရှိတယ်လို့ အဲဒီဒေသခံက ပြောပါတယ် ။ အဲဒီလို ဖမ်းဆီးခံရရာမှာ အုပ်ချုပ်ရေးမှူးပါ ပါဝင်ခဲ့ပြီး သူနေရာမှာ အခုအသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး ဦးတာဘူးက အစားထိုး ဝင်ရောက် လုပ်ကိုင်ခဲ့တာလို့ သူက ရှင်းပြပါတယ် ။
အဲဒီနောက်ပိုင်းမှာ ရပ်ရွာလုံခြုံရေးကို အကြောင်းပြပြီး စစ်တပ်နဲ့ ရဲကိုခေါ်ပြီး ဇရပ်လှရွာမှာ ကင်းလှည့်တာ ၊ ဧည့်စာရင်း စစ်တာမျိုးတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ် ။
ဇရပ်လှ အုပ်ချုပ်ရေးမှူး ဦးတာဘူးဟာ ငသိုင်းချောင်းမြို့မှာလုပ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အစည်းအဝေးပွဲက အပြန်မှာ အခုလို စောင့်ပြီး လုပ်ကြံခံခဲ့ရတာလို့ သိရပါတယ် ။ အဲဒီလို လုပ်ကြံခံရရာမှာ ဆိုင်ကယ်ပေါ်မှာ သူနဲ့အတူ ပိတောက်ချောင် အုပ်ချုပ်ရေးမှူးလည်း ပါဝင်ခဲ့ပြီး သူကတော့ လက်မောင်းကိုသာ ကျည်ဆံထိမှန်ခဲ့တယ်လို့ သိရပါတယ် ။
ရိုးမတိုက်ဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YMTG PDF) အဖွဲ့ကတော့ အုပ်ချုပ်ရေးမှူး တာဘူးကို သူတို့ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီနောက်ပိုင်း အခုလို ဒေသခံတွေ အဖမ်းခံနေရတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး DNA က ရိုးမတိုက်ဂါး အဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ
“ကျွန်တော်တို့တွေက မစ်ရှင်ပြီးကတည်းက လွတ်လပ်တဲ့နေရာကို ရောက်ရှိနေပါပြီ ။ အခုဖမ်းနေတာက ဘာမှမသက်ဆိုင်တဲ့ ဒေသခံ ပြည်သူတွေကို ဖမ်းနေတာပါ ။ သူဟာနဲ့သူ အေးဆေးနေတဲ့ ဒေသခံပြည်သူတွေကို အကြောင်းမရှိ အခုလိုဖမ်းဆီးနေတဲ့ လုပ်ရပ်က အတော့်ကို ဆိုးလွန်းပါတယ် ။ အဲဒီအတွက်လည်း ကျွန်တော်တို့ အဖွဲ့က စိတ်တော့ မကောင်းပါဘူး”လို့ အဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ် ။
ဇရပ်လှရွာမှာ ဒီချုပ်ပါတီထောက်ခံသူတွေရှိသလို ကြံ့ဖွံ့ပါတီထောက်ခဲ့သူလည်း အများစုရှိတယ်လို့ သိရပါတယ် ။ အခု အဖမ်းခံရသူ အများစုမှာ ဒီချုပ်ပါတီ ထောက်ခံသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ် ။ အခု အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး တာဘူး မတိုင်ခင် အုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ကိုကုလားကြီး ရဲ့ အစ်ကို အပါအဝင် ဒီချုပ်ပါတီဝင် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာလို့လည်း သိရပါတယ် ။
“ စစ်သားရော ၊ ရဲရောဆို အင်အားက သုံးဆယ်ကျော် လေးဆယ်နီးပါးလောက်ကနေ ဒီကျေးရွာအုပ်စု သုံးအုပ်စုမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို ပိုက်စိပ်တိုက်ပြီး ဖမ်းဆီးစစ်ဆေးနေတာ ရှိပါတယ်”လို့ ရေကြည်မြို့ခံတဦးက ပြောပါတယ် ။
ဒီနေ့ မနက်အထိ နောက်ဆုံး ရရှိထားတဲ့ သတင်းအရ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးနေပြီး အခုဆိုရင် ၆ ဦးကိုတော့ ဆက်လက် ဖမ်းဆီးထားစဲလို့ သိရပါတယ် ။