ရေနစ်နေတဲ့ အမျိုးသမီးနှစ်ဦးကို ကယ်ဆယ်ပေးဖို့ကြိုးစားတဲ့အမျိုးသား ရေနစ်သေဆုံး

Photo -မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံး

ကျောက်ဆည်ခရိုင် ဆင်ခေါင်းတောင်အနီးက အပန်းဖြေစခန်းတခုမှာ ရေနစ်နေတဲ့ အမျိုးသမီးနှစ်ဦးကို ကူညီ ကယ်ဆယ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံး အဖွဲ့ဝင်တဦးကDNA ကိုပြောပါတယ်။
“ရေနစ်တော့ ကမ်းပေါ်က ယောက်ျားလေးတယောက်က ဆင်းကယ်တာ၊ဖြစ်ချင်တော့သူက ရေကူးတတ်တဲ့ လူမဟုတ်ဘူး”လို့သူကပြောပါတယ်။

အပန်းဖြေစခန်းမှာ အဲ့ဒီလို ရေနစ်တာဟာ စက်တင်ဘာ (၁၈)ရက်ကဖြစ်ခဲ့တာဖြစ်ပြီး ကနဦး ရေနစ်ခဲ့တဲ့ အမျိုး သမီးနှစ်ဦးက အသက်ဘေးကလွတ်ခဲ့ပေမယ့် ကူညီကယ်ဆယ်ဖို့ကြိုးစားတဲ့အမျိုးသားကတော့ ရေနစ် ပျောက် ဆုံးသွားပြီး ဒီကနေ့မနက်ပိုင်းမှာ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“သူဆင်းကယ်တဲ့ ကောင်မလေးတယောက်ကတော့ ရေစီးနဲ့မျောပါသွားပြီး ဆန်တက်လာတဲ့စက်လှေနဲ့တွေ့ပြီး အသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်၊(ကျန်အမျိုးသမီး)တယောက်ကလည်းဘာမှမဖြစ်ဘူး”လို့ မြန်မာနိုင်ငံလူမှု ကယ် ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံး အဖွဲ့ဝင်ကပြောပါတယ်။

တခြားသူတွေကို ကူညီကယ်ဆယ်ဖို့ကြိုးစားရင်း ရေနစ်ပျောက်ဆုံးသွားတဲ့ အမျိုးသားကို ပထမဆုံးနေ့မှာ လေးနာရီကြာရှာဖွေခဲ့ပြီး၊ဒုတိယနေ့မှာလည်း မနက် ရှစ်နာရီကနေ ညနေ ငါးနာရီအထိ ရှာဖွေကယ်ဆယ်ခဲ့ ကြပေမယ့် ရှာဖွေတွေ့ရှိခြင်းမရှိခဲ့တာပါ။

ဒီကနေ့မှာ တတိယမြောက်နေ့အဖြစ် ဆက်လက်ရှာဖွေရာမှာတော့ နေ့လယ်ပိုင်းလောက်မှာ မြို့ကြီး ရေလွှဲဆည် (အဝေရာဆည်)မှာ ရုပ်အလောင်းပြန်တွေ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မန္တလေးတိုင်း) က ထုတ်ပြန်ထားပါတယ်။