နိုင်ငံတော် ဈာပနမှာ ဘုရင်မကြီးကို ဗြိတိန် ပြည်သူတွေ နောက်ဆုံးအကြိမ် နှုတ်ဆက်

Photo – BBC

ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိန် ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာ တစ်နိုင်ငံလုံးက နောက်ဆုံးအကြိမ် ကြေကြေကွဲကွဲ နှုတ်ဆက်ခဲ့ကြပါတယ်။ 

သားတော် ချားလ်စ်ဘုရင်၊ တော်ဝင်မိသားစုတို့နဲ့အတူ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ၊ တခြား နိုင်ငံတွေက တော်ဝင်မိသားစုတွေဟာ စက်တင်ဘာ ၁၉ ရက်၊ နာရေး အစီအစဉ်ကို တက်ရောက်ခဲ့ကြပါတယ်။ 

နိုင်ငံတော် အခမ်းအနားကို လန်ဒန်မြို့၊ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးမှာ ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဒေးဗစ်ဟွိုင်းလ် ကိုယ်တိုင် ကြီးမှူးခဲ့ပြီး ဘုရင်မကြီးရဲ့ ဘဝတလျှောက် နိုင်ငံအပေါ် ပေးဆပ် တာဝန်ကျေခဲ့တဲ့အပေါ် ဂုဏ်ပြုသွားခဲ့ပါတယ်။ ဘုရင်မကြီးဟာ ဗြိတိန်နဲ့ ဓနဿဟာယ နိုင်ငံတွေရဲ့ အကြီးအမှူး အနေနဲ့ ပြင်းပြတဲ့ တောင်းဆိုမှုတွေအပေါ် နှစ်ပေါင်းများစွာ မယိမ်းမယိုင် တာဝန်ယူ စီမံပေးခဲ့တယ်လို့လည်း ဘုန်းတော်ကြီးက ပြောပါတယ်။ 

ဝက်စ်မင်စတာ ဘုရားကျောင်း အတွင်းပိုင်းက နာရေး အစီအစဉ်ကို နိုင်ငံခေါင်းဆောင် ၁၀၀ ကျော် အပါအဝင် အထူးဧည့်သည်တော် ၂၀၀၀ လောက်ပဲ တက်ရောက်ခွင့် ရကြပါတယ်။ ဘုရားကျောင်း အပြင်ဖက်မှာတော့ သိန်းနဲ့ချီ များပြားတဲ့ ပြည်သူတွေက သူတို့ ချစ်ခင်တဲ့ ဘုရင်မကြီးကို နောက်ဆုံးအကြိမ် ရည်စူးနှုတ်ဆက်ဖို့ လာရောက် စုရုံးခဲ့ကြပါတယ်။ 

ဗြိတိန် ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်နဲ့ ခင်ပွန်းသည် ဟုဂျ်အိုလာရီ၊ လက်ရှိ အစိုးရအဖွဲ့နဲ့ ဗြိတိန်ရဲ့ သက်ရှိထင်ရှား ဝန်ကြီးချုပ်ဟောင်းတွေလည်း နိုင်ငံတော် ဈာပန အခမ်းအနားမှာ ရှိနေကြပါတယ်။ နိုင်ငံခေါင်းဆောင်တွေထဲမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးဖြစ်သူ ဂျီလ်ဘိုင်ဒန်၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်၊ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူ၊ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်၊ တရုတ် ဒုတိယ သမ္မတ ဝမ်ကီရှန်တို့လို ပုဂ္ဂိုလ်တွေကို တွေ့ရပါတယ်။ 

ဒါ့အပြင် ဥရောပက စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးနေဆဲဖြစ်တဲ့ ဒိန်းမတ်၊ စပိန်၊ ဆွီဒင်၊ နော်ဝေး၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်တို့လို နိုင်ငံတွေက ဘုရင်၊ ဘုရင်မတွေလည်း တက်ရောက်လာပါတယ်။ ဘုရင်မကြီး ကွယ်လွန်သွားတဲ့နောက် လက်ရှိ ဥရောပတိုက်ရဲ့ သက်တမ်း အရှည်ကြာဆုံး ထီးဆောင်းမင်း ဖြစ်လာတဲ့ ဒိန်းမတ် ဘုရင်မကြီး ဒုတိယ မာဂရက်သ်က အခမ်းအနားမှာ ချားလ်စ်ဘုရင်ရဲ့ မျက်နှာချင်းဆိုင်က ခေါင်းတလားနားမှာ နေရာယူထားတာလည်း တွေ့ရပါတယ်။ 

အာရှတိုက်က ဂျပန် ဧကရာဇ်နဲ့ မိဖုရား၊ မလေးရှား ဘုရင်နဲ့ မိဖုရား၊ ဂျော်ဒန်ဘုရင်နဲ့ မိဖုရားတို့လည်း အခမ်းအနား တက်ခဲ့ကြပါတယ်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်း နိုင်ငံခေါင်းဆောင်တွေ အစုံလင် အများပြားဆုံး စုဝေးလာတဲ့ အခမ်းအနားကြီး ဖြစ်တဲ့အတွက် လန်ဒန်မှာ ဘယ်တုန်းကမှနဲ့ မကြုံဖူးလောက်တဲ့ထိ ကျယ်ပြန့်တဲ့ လုံခြုံရေး အစီအမံတွေကို ထောင့်စေ့အောင် ဆောင်ရွက်ခဲ့ရပါတယ်။ 

ရှည်လျားကြာညောင်းတဲ့ အခမ်းအနားကြီး အပြီးမှာတော့ ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို ဝင်ဆာ ရဲတိုက်ကြီးဆီ သယ်ဆောင်သွားပါတယ်။ အဲဒီမှာတော့ ကွယ်လွန်နှင့်ပြီးဖြစ်တဲ့ ခင်ပွန်းသည် မင်းသားကြီး ဖိလစ်နဲ့ ယှဉ်တွဲပြီး ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို မြှုပ်နှံ သင်္ဂြိုဟ်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ 

ဗြိတိန် ဘုရင်မကြီးဟာ စက်တင်ဘာ ၈ ရက်က အသက် ၉၆ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ ကျော် စိုးစံခဲ့ပြီး နိုင်ငံသမိုင်းမှာ အချိန်အကြာဆုံး အုပ်စိုးခဲ့တဲ့ ထီးဆောင်းမင်း အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘုရင်မကြီး ထီးနန်းဆက်ခံချိန်ကစလို့ ကွယ်လွန်ချိန်အထိ ဗြိတိန်မှာ ဝန်ကြီးချုပ်ပေါင်း ၁၅ ဦးထိ အပြောင်းအလဲ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။