စစ်တပ်က မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီးနဲ့ရမ်းပစ်လို့ မွေတော်ဘုရားကျောင်းထိမှန်ပြီး ကလေးနှစ်ဦးအပါအဝင် စစ်ရှောင်လေးဦး သေဆုံး

Photo – Mobye Rescue Team

မိုးဗြဲမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ မြို့ပေါ်က မွေတော်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူလေးဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Mobye Rescue Team က ထုတ်ပြန်ပါတယ်။

သေဆုံးသူလေးဦးဟာ အသက်ဆယ်နှစ်အောက် ကလေးငယ်မောင်နှမနှစ်ဦးနဲ့ အသက် (၅၀) ကျော်အမျိုးသား နှစ်ဦးဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ဘုရားကျောင်းထဲ လက်နက်ကြီးကျည်ထိမှန်ပေါက်ကွဲလို့ စုစုပေါင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းမှာ မြို့ခံတွေ အများအပြားစစ်ဘေးရှောင်ခိုလှုံနေတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည် ဘုရားကျောင်းကိုထိမှန်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။

မိုးဗြဲမြို့မှာ စက်တင်ဘာ (၈) ရက်နေ (၁၁) ရက်အထိ လေးရက်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စက်တင်ဘာ (၁၂) ရက် မနက်အစောပိုင်းမှာ စစ်တပ်က ပြန်ဆုတ်ခွာသွားလို့ လေးရက်ကြာ ငြိမ်သက်နေခဲ့ပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ (၁၅) ရက်မှာတော့ စစ်တပ်က မြို့အနီးမှာ အထိုင်ချပြီး မြို့တွင်းကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်နေတာပါ။

လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကာလအတွင်းမှာလည်း လက်နက်ကြီးကျည်ထိမှန်လို့ မြို့ခံအသက်ရှစ်နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတဲ့အပြင် နေအိမ်တရာကျော်လောက် ပျက်စီးခဲ့ရပါတယ်။