ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘောလုံးပွဲတွေမှာ ပြိုင်ဘက် ပရိသတ်တွေ အချင်းချင်း အော်ဟစ် လှောင်ပြောင်တတ်ကြတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ဆီဗီးလားနဲ့ ယှဉ်ပြိုင်ချိန်မှာတော့ အိမ်ရှင် ကိုပင်ဟေဂင် ပရိသတ်တွေက ဧည့်သည်တွေ ကိုယ်တိုင် အံ့ဩစေမယ့် ဧည့်ဝတ် ကျေပြွန်မှုကို ပြသခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်တဲ့ ပွဲစဉ်အတွက် စပိန်ကလပ်ရဲ့ ပရိသတ်တွေဟာ မိုင်ပေါင်း ၃၀၀၀ လောက် ခရီးနှင်ပြီး ဒိန်းမတ်ကို ရောက်လာကြတာ ဖြစ်ပါတယ်။ အိမ်ရှင် ပရိသတ် အချိုးအစားနဲ့ ယှဉ်ရင် ကွင်းထဲမှာ ဆီဗီးလား ပရိသတ် အစုအဖွဲ့က နည်းနည်းလေးပဲ ရှိခဲ့ပါတယ်။
ပွဲစပြီး မကြာခင်မှာတော့ ဒိန်းမတ်ကလပ်ရဲ့ ပရိသတ်တွေက ဘီယာခွက်တွေ ဖောဖောသီသီ ယူလာပြီး ဆီဗီးလား ပရိသတ်တွေဆီ အခမဲ့ လိုက်လံ ဝေငှပေးခဲ့ကြတာ တွေ့ရပါတယ်။ ဆီဗီးလား ပရိသတ်တွေဟာ ရုတ်တရက် အံ့ဩသွားပေမယ့် ပျော်ပျော်ရွှင်ရွှင် လက်ခံယူပြီး ဘီယာတွေ သောက်ခဲ့ကြပါတယ်။ နောက်တော့ နှစ်ဖက် ပရိသတ်တွေ ခင်မင်သွားပြီး ဘောလုံးပွဲကို အတူအားပေးခဲ့ကြပါတယ်။
ဒီပွဲရဲ့ ရလဒ်ကလည်း အနိုင်အရှုံး မပေါ်ဘဲ ဂိုးမရှိသရေ ဖြစ်ခဲ့တော့ အချင်းချင်း မျက်နှာနာစရာ မလိုတော့ပါဘူး။ ကိုပင်ဟေဂင် ပရိသတ်တွေရဲ့ နွေးထွေးပြီး ဧည့်ဝတ်ကျေတဲ့ အပြုအမူနဲ့ ပတ်သက်ပြီး Twitterနဲ့ တခြား လူမှုကွန်ရက်တွေပေါ်မှာ ချီးကျူးရေးသားမှုတွေကို တွေ့ရပါတယ်။
ပွဲကို ကိုယ်တိုင်သွားရောက် အားပေးခဲ့တဲ့ ဆီဗီးလား ပရိသတ် တချို့ကလည်း ဘောလုံးကွင်းထဲမှာ ကြုံဖူးသမျှ အကောင်းဆုံး အတွေ့အကြုံ တစ်ခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။ ပရိသတ်တွေက ဘီယာတွေ အတူသောက်ရင်း ပျော်နေပေမယ့် ဆီဗီးလားနဲ့ ကိုပင်ဟေဂင် အသင်းတွေကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ဖို့ အတော်ကြီး ရုန်းကန်ရမယ့် အလားအလာ ရှိနေပါတယ်။ နှစ်သင်းစလုံးဟာ အဖွင့်ပွဲတွေမှာ ဂိုးပြတ် ရှုံးနိမ့်ထားတာကြောင့် အခုဆိုရင် ၁ မှတ်စီပဲ ရကြပါသေးတယ်။
ဆီဗီးလား မန်နေဂျာ ဂျူလန်း လိုပီတူဂွီကတော့ လက်ကျန် အုပ်စုအဆင့် ၄ ပွဲမှာ ၁၂ မှတ်စာ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ခွင့် ရှိနေသေးကြောင်း၊ အခုအခြေအနေအရ ဒေါ့တ်မန်နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်း၊ အဝေးကွင်း ပွဲစဉ်နှစ်ခုဟာ ဆီဗီးလားအတွက် အရမ်းအရေးကြီးလာပြီဖြစ်ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။