ကျောက်ပန်းတောင်းမှာ ခရီးသည်တင်ယာဉ်တွေအပါအဝင် ယာဉ်သုံးစီးဆင့်တိုက်မိပြီး ဆယ့်နှစ်ဦး သေဆုံး

Photo – CJ

ကျောက်ပန်းတောင်းမြို့မှာ စက်တင်ဘာ ၁၄ရက်ညပိုင်းက ခရီးသည်တင်အမြန်ယာဉ်နှစ်စီးအပါအဝင် ယာဉ်သုံး စီးဆင့်တိုက်မိပြီး (၁၂) ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေနဲ့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။

ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပေါ်က ဇီးဖြူကုန်းရွာထိပ်မှာ မနေ့ကနေ့ညကိုးနာရီဝန်းကျင်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။

“ကျောက်ပန်းတောင်းမှာတော့ အဆိုးဝါးဆုံး ယာဉ်တိုက်မှုပဲ”လို့ မြို့ခံတဦးကပြောပါတယ်။

သန်မြန်သူ၊ပုဂံမင်းသားနဲ့ ကားပျက်လို့ ရပ်ပြီးပြုပြင်နေတဲ့ Canter အမျိုးအစားကုန်တင်ယာဉ်တစီး တိုက်မိခဲ့ ကြတာ ဖြစ် တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကို နာရီပိုင်းလောက်ကြာအောင် သယ်ထုတ်ကူညီ ရှင်းလင်းပေးခဲ့ရတယ်လို့ ကျောက်ပန်းတောင်းမြို့က သုဂတိရှင်နာရေးကူညီမှုအသင်းတာဝန်ရှိသူ တဦးကပြောပါတယ်။

အဲ့ဒီယာဉ်တိုက်မှုကြောင့် အမျိုးသားကိုးဦးနဲ့အမျိုးသမီးသုံးဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့သလို၊ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း (၁၇)ဦးရှိပြီး နှစ်ဦးကစိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယာဉ်တိုက် မှုဖြစ်စဉ်ကို ဒေသတွင်း မီးသတ်တပ်ဖွဲ့တွေကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွား ရောက်ကူညီပေးခဲ့တာပါ။

အဲ့ဒီယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မြို့ခံတွေက လူမှုကွန်ရက်ပေါ်ဖော်ပြတဲ့ ရုပ်သံဖိုင်တွေထဲမှာတော့ တိုက်မိတဲ့ ယာဉ်တွေ ဆိုးဆိုးရွားရွားပျက်စီးနေတာကိုလည်းတွေ့ရပါတယ်။