ကျုံပျော်က လောင်းကစားဝိုင်းကို ရဲကပစ်ဖမ်းတဲ့အတွက် လူတယောက်သေ

ဧရာဝတီတိုင်း ကျုံပျော်မြို့ မှာ လောင်းကစားဝိုင်းကို ပူးပေါင်း ရဲတပ်ဖွဲ့က ဝင်ဖမ်းရာမှာ
သေနတ်နဲ့ ပစ်ဖမ်းခဲ့တဲ့အတွက် လူတဦးထိမှန်ပြီး မြစ်ထဲပြုတ်ကျကာ သေဆုံးခဲ့ပါတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“မနေ့က (စက်တင်ဘာ ၁၃ )မနက် မြစ်ထဲမှာအလောင်း တွေ့တော့ မှ လက်မောင်းမှာ
သေနတ်ဒဏ်ရာနဲ့ ရေနစ်သေသွားတာကို သိရတာ” လို့ဆိုပါတယ်။
ကျုံပျော်မြို့ ၊ ခဲဘောင်မြစ်ကူးတံတားအောက် ဦးမောင်အုံး ဆန်စက်ဝန်းအတွင်းက လောင်းကစားဝိုင်းကို စက်တင်ဘာ (၁၁)ရက်နေ့ ညနေပိုင်းမှာ ရဲတွေက ဝင်ဖမ်းခဲ့တာပါ ။ ဒီလောင်းကစားဝိုင်းကို အာဏာသိမ်းပြီး နောက် စစ်တပ်က ခန့်ထားတဲ့ တောချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဘိုးတုတ်က ဖွင့်ခဲ့တာ လို့သိရပါတယ်။
ပစ်ခတ် ဖမ်းဆီးချိန်မှာ ထွက်ပြေး သူတွေအထဲက ကျုံပျော်မြို့ အောင်းဆန်ရပ်ကွက်မှာနေတဲ့ အသက် (၄၅ )နှစ် အရွယ်ရှိတဲ့ ဦးမြင့်ခိုင်ရဲ့ လက်မောင်းကို ကျည်ဆံထိမှန်ကာ မြစ်ထဲပြုတ်ကျသွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘိုးတုတ် နဲ့ ဆန်စက်ဝန်းက ဦးမောင်အုန်းတို့ ဟာ ကျုံပျော်မြို့ခံ ခလရ (၃၆) တပ်ရင်းက အရာရှိပိုင်းကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်း ဖွင့်တာလို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
“ရဲက လူဆိုးသူခိုး ဖမ်းမယ်။ လောင်းကစားဝိုင်းဖမ်းမယ်။ အရက်ပုန်းဖမ်းမယ်။ ဒါက ရဲအ လုပ် ရဲလုပ်တာပါ ။ ဒါကို စစ်တပ်က စုံခုံစစ်မယ် ဘာဘာညာညာလုပ်နေတယ်”လို့ အ မည်မဖော်လိုတဲ့ ရဲဝန်ထမ်း တဦးက DNA ကိုပြောပါတယ်။
ကျုံပျော်မြို့နယ် အတွင်းမှာ စစ်ကောင်စီအဖွဲ့ ၊ မြို့ခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အချို့က လိုင်းကြေးယူပြီး အုပ်ချုပ်ရေးမှူး နဲ့ ငွေကြေးအင်အားရှိတဲ့ လောင်းကစားသမားတွေ ပူးပေါင်းဖွင့်တဲ့ လောင်းကစားဝိုင်းတွေ ရှိလာပြီးနောက် ခိုးမှု၊ လုယက်မှု၊ ဓားမြ မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(ပုံဟောင်းကို အသုံးပြုထားသည်)