မြောက်ဥက္ကလာမှာ အမှိုက်ကောက်သူတွေကြောင့် ဖောက်ခွဲတိုက်ခိုက်မှု ဖျက်သိမ်းခဲ့ရတယ်လို့ဆို

Photo – FLA

ရန်ကုန်မြို့ မြောက်ဥက္ကလာအဝိုင်းအနီးမှာ ဖောက်ခွဲတိုက်ခိုက်မှု တစ်ရပ်ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အမှိုက် ကောက် ပြည်သူတစ်ဦးကြောင့် မစ်ရှင်ဖျက်သိမ်းခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA)က ထုတ်ပြန်ပါတယ်။

“မစ်ရှင်ဖျက်လိုက်လို့ဝေဖန်ခံရပေမဲ့ပြည်သူအသက်တော့ ကျွန်တော်တို့ မစတေးနိုင်ပါဘူး၊ပစ်မှတ်က ပြည်သူမဟုတ်ပါဘူး၊ ဆုံးရှုံးမှုရှိ့ခဲ့တယ်၊ ပစ္စည်း၊ လမ်းစရိတ်၊ စကောက် (ကင်းထောက်) ကြည့်ရတဲ့အချိန်တွေ၊ ရဲဘော်တွေကတော့ စိတ်တော့ဆိုးတာပေါ့၊ဒါပေမဲ့ သူတို့လဲ ပြန်အဆင်ပြေသွားပါပြီ”လို့ FLA အဖွဲ့ဝင်တဦး က DNA ကိုပြောပါတယ်။

အဲ့ဒီအဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့တွေက ဒီကနေ့ စက်တင်ဘာ (၁၄) ရက်မနက်ပိုင်းက မြောက်ဥက္ကလာ အဝိုင်း အနီးမှာ စစ်ကောင်စီတပ်သားတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့စီစဥ်ခဲ့တာပါ။

ဒါပေမယ့် ဖောက်ခွဲရေးပစ္စည်းကို မီးပွိုင့်မှာ ပိုက်ဆံတောင်းနေတဲ့ ပြည်သူအမျိုးသမီးကြီးတစ်ဦးက ကလေး ငယ်တွေကိုလွှတ်ပြီး ကောက်ခိုင်းခဲ့တာကြောင့် ​ပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက်ဖျက်သိမ်းခဲ့တာလို့ FAL အဖွဲ့ရဲ့ရဲဘော်တစ်ဦးက ပြောပါတယ်။

“ဒီကာလက ခက်ခဲတဲ့ကာလဆိုတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မဖြစ်ဘူးလေ၊ကိုယ်တွေအတွက် ပစ္စည် းဆိုပေမဲ့ သူတို့ဘက်ကကြည့်ရင် အမှိုက်ခွံလို့လဲ ထင်နိုင်တာပဲလေ”လို့ သူကပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်းထည့်ထားတဲ့အိတ်ကို ကလေးငယ်တွေကောက်ယူသွားပြီးနောက် အမှိုက်မဟုတ်ဘဲ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေဖြစ်ကြောင်း သိသွားတာကြောင့် နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA)အဖွဲ့ဟာ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ တခြာတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်ဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကို အဓိကပစ်မှတ်ထားတိုက်ခိုက် နေတဲ့အဖွဲ့တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။