စစ်လက်နက်တွေ ပိုမို ဖြည့်တင်းပေးကြဖို့ မဟာမိတ်နိုင်ငံတွေကို ယူကရိန်း သမ္မတ တိုက်တွန်း

Photo – CBC

ရုရှားတပ်တွေအပေါ် စစ်ရေးအရာ အသာစီး ရစပြုလာတဲ့ အခြေအနေမှာ စစ်လက်နက်တွေ ပိုမိုထောက်ပံ့ ပေးပို့ကြဖို့ အနောက်မဟာမိတ် နိုင်ငံတွေကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

လတ်တလော အခြေအနေတွေအရ ယူကရိန်းဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက ခါကစ်ဗ် ဒေသမှာ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ် ဆင်နွှဲပြီး အောင်ပွဲတွေ ဆက်တိုက် ရရှိနေပါတယ်။ ရုရှားတပ်တွေ လပေါင်း အတော်ကြာ ကြိုးကြိုးစားစား တိုက်ခိုက် သိမ်းပိုက်ထားရတဲ့ နယ်မြေတွေဟာ သီတင်းတစ်ပတ်အတွင်း ယူကရိန်း တပ်တွေရဲ့ လက်ထဲ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ယူကရိန်းရဲ့ စစ်ဆင်ရေးတွေ အောင်မြင်နေရာမှာ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ဝိုင်းဝန်းဖြည့်တင်း ပံ့ပိုးပေးခဲ့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဇီလန်စကီး ကျူးကျော်သူ ရုရှားတပ်တွေကို ပြတ်ပြတ်သားသား ချေမှုန်းပစ်ဖို့ဆိုရင် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်ဖို့ လိုတယ်လို့ ပြောပါတယ်။ သူက လက်ရှိ အခြေအနေမှာ လက်နက်တွေ ပိုမို လိုအပ်လာပြီလို့ ထောက်ပြခဲ့ပြီး ယူကရိန်းဟာ ရုရှားလက်အောက် ကျရောက်နေတဲ့ ပိုင်နက်နယ်မြေ တစ်လက်မကျန် ပြန်ရယူဖို့ ရည်မှန်းထားတယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းဟာ မဟာမိတ် နိုင်ငံတွေ ပံ့ပိုးထောက်ပံ့တဲ့ စစ်လက်နက်တွေကို ထိထိရောက်ရောက် အသုံးချနိုင်တယ်ဆိုတာ လက်ရှိ တန်ပြန်ထိုးစစ် အောင်မြင်မှုတွေက သက်သေထူနေကြောင်း ချီးကျူးသွားပါတယ်။ အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် HIMARS ဒုံးခွင်းဒုံး စနစ်အပါအဝင် လက်နက် အသစ်တွေ ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာထားပါတယ်။ အဲဒီ မတိုင်ခင်တုန်းကလည်း တိုက်လေယာဉ်တွေကို ပစ်ချနိုင်တဲ့ NASAMS ဒုံးကျည်တွေကို အမေရိကန်က ပေးပို့ခဲ့ပါသေးတယ်။

ဇီလန်စကီးက ယူကရိန်း တပ်တွေဟာ တစ်ပတ်အတွင်း ကီလိုမီတာ ၆၀၀၀ လောက် ကျယ်ဝန်းတဲ့ နယ်မြေတွေကို ရုရှားလက်ကနေ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ပြောပါတယ်။ ရန်သူ ရုရှားတပ်တွေကတော့ ခုခံဖို့တောင် စိတ်မထက်သန်တော့ဘဲ လက်နက်တွေကို စွန့်ပြီး ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

ယူကရိန်း အနေနဲ့ စစ်ရေးအရ အသာစီးပြန်ရပြီး စိတ်ဓာတ် တက်ကြွနေပေမယ့် စစ်ပွဲကတော့ အချိန်တိုအတွင်း ပြီးဆုံးသွားမယ့် အလားအလာမျိုး မရှိသေးပါဘူး။ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်နယ်မြေ ၅ ပုံ ၁ ပုံလောက်ကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။