အကြွေးထပ်တင်တဲ့ ဘာစီလိုနာ၊ ဥရောပ နိုင်ပွဲစရတဲ့ လီဗာပူးလ်နဲ့ အင်္ဂါနေ့ည ချန်ပီယံလိဂ် ပွဲစဉ်များ

Photo – Goal

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာ ပရိသတ် စိတ်အဝင်စားဆုံး ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်-ဘာစီလိုနာ တွေ့ဆုံမှုက အများမျှော်လင့်တဲ့အတိုင်း ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပြီး အိမ်ရှင် ဘိုင်ယန်မြူးနစ်ကပဲ ၂ ဂိုးပြတ် အနိုင်ရသွားပါတယ်။ အဖွင့်ပွဲစဉ်မှာ စိတ်ပျက်စရာ ရှုံးပွဲနဲ့ ကြုံခဲ့တဲ့ လီဗာပူးလ်ကတော့ အိမ်ကွင်းမှာ နောက်ကျဂိုးနဲ့ အနိုင်ရလဒ် ပြန်ရှာဖွေနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ၂ – ၀ ဘာစီလိုနာ

နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ပွဲထွက်လာကြသလို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ရည်မှန်းချက် ကြီးကြီးနဲ့ အသင်းကို ပြင်ဆင် တည်ဆောက်ထားတဲ့ ဘာစီလိုနာ အနေနဲ့ နောက်ဆုံး ၄ ပွဲဆက် ဘိုင်ယန်ကို အရေးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးကြီး ရှုံးခဲ့ဖူးတဲ့ အတိတ်ဆိုးက ဒီပွဲမှာ ဘာစီလိုနာအပေါ် ခြောက်လှန့်မှုတွေ ရှိနေပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး လီဝင်ဒေါစကီးကတော့ သူကျင်လည်ခဲ့ဖူးတဲ့ နယ်မြေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အဝေးကွင်းမှာ ဖြစ်ပေမယ့် ဘိုင်ယန်ကို တိုက်စစ်ဖွင့်ကစားဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် အပိုင်ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် ကံခေခဲ့တာရော၊ ဘိုင်ယန်ဂိုးသမား နော်ဝါရဲ့ လက်စွမ်းပြမှုရောကြောင့် ဂိုးမရခဲ့ပါဘူး။ ဘိုင်ယန်ကတော့ သူတို့ အားသန်တဲ့ ကစားပုံနဲ့ပဲ တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့ပြီး ဘာစီလိုနာရဲ့ အမှားတွေကို ချက်ကောင်း ထိုးနှက်ဖို့ ဦးတည်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမရခဲ့ပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ် အကြာမှာပဲ ကင်းမစ်ချ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ဟာနန်ဒက်ဇ်က ခေါင်းတိုက်ပြီး အိမ်ရှင်အတွက် အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် ဘာစီလိုနာက တိုက်စစ် အရှိန်မြှင့်ဖို့ ကြိုးစားပေမယ့် ၄ မိနစ်အတွင်းမှာပဲ ဘိုင်ယန်က ဂိုးထပ်ရသွားပြန်ပါတယ်။ ဒီဂိုးကိုတော့ ဆာနေးက ပြိုင်ဘက် ခံစစ်မှူးတွေ ကြားထဲကနေ ထိုးဖောက် ဆွဲပြေးသွားရင်း အသာအယာ ကန်သွင်းသွားတာပါ။ ၂ ဂိုးပြတ်သွားချိန်မှာ ဘိုင်ယန်က ခံစစ်ကို ပိုပြီး ကျကျနန တည်ဆောက်ရင်း အနိုင်ရလဒ်ကို ထိန်းသွားခဲ့ပါတယ်။ လီဝင်ဒေါစကီး အတွက်တော့ နေရာဟောင်းဆီ ပြန်သွားချိန်မှာ နာကျင်မှုတွေပဲ ရင်ဝယ်ပိုက်လာရတာ ဖြစ်ပါတယ်။

လီဗာပူးလ် ၂-၁ အိုင်းယက်စ်

အဖွင့်ပွဲမှာ နာပိုလီကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးထားတဲ့အတွက် လီဗာပူးလ်ဟာ အိမ်ကွင်း အန်းဖီးလ်မှာ နိုင်ပွဲ ပြန်ရှာဖွေဖို့ အရေးတကြီး လိုအပ်နေခဲ့ပါတယ်။ လီဗာပူးလ်ဟာ တိုက်စစ်မှာ ဖာမီနို၊ နူးနက်ဇ်တို့ကို အရန်ခုံ ပို့ထားပြီး တောင်ပံသမား နေရာမှာ ပိုအားသန်တဲ့ ဂျိုတာကို ပွဲထုတ်လာတာ တွေ့ရပါတယ်။ အိုင်းယက်စ်ကတော့ လူငယ် ကွင်းလယ်ကစားသမား ကူဒူးစ်ကို တိုက်စစ်မြားဦးမှာ ခင်းကျင်းပြီး လီဗာပူးလ်ကို ကွင်းလယ်ပိုင်းမှာ အသာစီးပြန်ယူနိုင်အောင် ကြိုးစားလာခဲ့ပါတယ်။

ဖိအားတွေ ရှိနေပေမယ့် လီဗာပူးလ်ဟာ ပွဲကို ပုံစံကောင်းနဲ့ စတင်နိုင်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာ ဂျိုတာက ခူးပြီးခပ်ပြီး အနေအထားမျိုး ဖန်တီးပေးတာကို ညာတောင်ပံကနေ အလိုက်သင့် ပြေးတက်လာတဲ့ ဆာလားက အပိုင်ကန်သွင်းပြီး အိမ်ရှင်တွေ ဦးဆောင်ဂိုး ရသွားပါတယ်။ ဒါပေမဲ့ ဒီအပျော်ဟာ ၁၀ မိနစ်ပဲ ခံလိုက်ပြီး ဘယ်ခြမ်းက ဘာဂူးစ် အနိမ့်ပေးပို့တဲ့ ဘောလုံးကို ကူဒူးစ်က အားပါပြင်းထန်တဲ့ ဘယ်ခြေကန်ချက်နဲ့ အဆုံးသတ်ပြီး အိုင်းယက်စ်တို့ ချေပဂိုး ရသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ အခုပွဲစဉ်မှာ တောင်ပံတွေကို အားပြုပြီး အကြိမ်ကြိမ် ထိုးဖောက်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် သရေရလဒ်နဲ့သာ ပွဲသိမ်းတော့မယ့် အနေအထားမျိုး ဖြစ်လာပါတယ်။ ဒါပေမဲ့ ပွဲချိန် ၈၉ မိနစ် အရောက်မှာတော့ ဆီမီကက်စ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ခံစစ်မှူး မာတစ်ပ်က ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ်။ အိုင်းယက်စ်က ဒီဘောလုံးကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကို ကျော်သွားပြီလို့ ဂိုးလိုင်း နည်းပညာက ဆုံးဖြတ်ပေးတာကြောင့် လီဗာပူးလ်တို့အတွက် ခက်ခဲပေမယ့် ထိုက်တန်တဲ့ အနိုင် ၃ မှတ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

စပို့တင်း ၂ – ၀ စပါး

အင်္ဂလန် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ စပါးကတော့ ပေါ်တူဂီမြေမှာ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ဘဲ ၂ ဂိုးပြတ် အရေးနိမ့်လာခဲ့ပါတယ်။ စပါးအတွက် ကိန်း၊ ရစ်ချာလီဆန်နဲ့ ဆွန်တို့လို အမာခံ တိုက်စစ်သမားတွေ ပွဲထွက်လာပေမယ့် အဝေးကွင်းမှာ ဂိုးသွင်းဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ပိုပြီး ရင်နာစရာ ကောင်းတာက သရေကျတော့မယ်လို့ ယူဆထားတဲ့ ပွဲစဉ်မှာ စပို့တင်းက ပွဲချိန် နောက်ဆုံး မိနစ်တွေကျမှ ၂ ဂိုးဆက်တိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၈၉ မိနစ်မှာ စပို့တင်းအတွက် ပေါ်လင်ဟိုက ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး ဗွေဆော်ဦး ဂိုးစသွင်းပါတယ်။ စိတ်ဓာတ်ရေးရာအရ ထိုးနှက်ခံလိုက်ရတဲ့ စပါးဟာ နောက် ၃ မိနစ်လောက်မှာ ဒုတိယဂိုး ထပ်ပေးလိုက်ရပြန်ပါတယ်။ တန်ပြန်တိုက်စစ်ကနေတဆင့် ဘယ်ခြမ်းတလျှောက် ထိုးဖောက်လာတဲ့ အာသာက စပါး နောက်ခံလူတွေကို တစ်ကိုယ်တော် အစွမ်းနဲ့ ကျော်ဖြတ်ပြီး အပိုင်ကန်သွင်းခဲ့တဲ့အတွက် အင်္ဂလန် ထိပ်တန်းကလပ်ဟာ လက်ဗလာနဲ့ပဲ အိမ်ပြန်ခဲ့ရပါတယ်။

လေဗာကူဆန် ၂ – ၀ အက်သလက်တီကို

စပိန်ရဲ့ နာမည်ကြီးကလပ် အက်သလက်တီကိုလည်း ဂျာမန်မြေမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ လေဗာကူဆန် အသင်းဟာ အက်သလက်တီကိုရဲ့ တိုက်စစ်ကို ခပ်ကြမ်းကြမ်း ဟန့်တားဖို့ အားထုတ်ခဲ့သလို တိုက်စစ်ဆင်တဲ့ အပိုင်းမှာလည်း အက်သလက်တီကိုထက် ပိုသာခဲ့ပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာ ဖရင်ပေါင် ညာခြမ်းက ချပေးတဲ့ ဘောလုံးကို အလိုက်သင့် ပြေးတက်လာတဲ့ အန်းဒရစ်ချ်က ဧရိယာထဲမှာ အပိုင်ပိတ်သွင်းပြီး လေဗာကူဆန်အတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ၈၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဒီယာဘီက အနိမ့်ကန်သွင်းပြီး အိမ်ရှင်တွေအတွက် အနိုင်သေချာစေခဲ့တာ ဖြစ်ပါတယ်။

တခြားပွဲစဉ် ရလဒ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ပလာဇန် ၀ – ၂ အင်တာမီလန်
ပေါ်တို ၀ – ၄ ဘရုဂျ်
မာဆေးလ် ၀ – ၁ ဖရန့်ဖတ်