မိုးဗြဲမြို့နယ်က ငါးရက်ကြာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ခြောက်ဆယ် ဝန်းကျင်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေဘက်က သုံးဦးကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒေသတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးမဟာမိတ်တွေကြား စက်တင်ဘာ (၈)ရက်မှာ စတင်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲ ငါးရက်မြောက်နေ့မှာ စစ်ကောင်စီတပ်တွေ စတင်ဆုတ်ခွာသွားလို့ တိုက်ပွဲငြိမ်သက်သွား ခဲ့တာပါ။
မိုးဗြဲမြို့ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းထဲ တပ်စွဲ စခန်းချခဲ့တဲ့ စစ်တပ်ဟာ စက်တင်ဘာ (၁၂)ရက်မှာ ပြန်ဆုတ်ခွာတာဖြစ်ပြီး လက်ရှိမှာ စစ်တပ်က အဲ့ဒီဘုရားကျောင်းဝန်းထဲ မိုင်းတွေထောင်ခဲ့လို့ ရှင်းလင်းနေရတယ်လို့ မိုးဗြဲ PDF ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဆုတ်ခွာသွားပေမယ့် အလုံးစုံစိတ်ချရတဲ့အခြေအနေတော့မဟုတ်သေးတာကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိနဲ့စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်တယ်လို့ ကရင်နီဒေသတွင်း တော် လှန်ရေးသတင်းတွေဖော်ပြနေတဲ့ Karenni’s Voice လူမှုကွန်ရက်စာမျက်နှာက ဖော်ပြပါတယ်။
စစ်တပ်က အထိနာပြီး လေကြောင်း၊လက်နက်ကြီး ပစ်ကူတွေအများအပြားအသုံးပြုခဲ့တဲ့ မိုးဗြဲတိုက်ပွဲဟာ လေး ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မဟာမိတ်တပ်တွေဘက်က သုံးဦးသေဆုံးတဲ့အပြင် သုံးဆယ်ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်ကလေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ရှစ်နှစ် အရွယ်ကလေးတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သလို နေအိမ် အဆောက်အဦးတရာလောက် ပျက်ဆီး ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သာတစ်သောင်းဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲငြိမ်သက်စပြုနေပြီဖြစ်လို့ ဒေသခံတချို့ နေအိမ်ကိုပြန်ကြတာရှိနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
စစ်တပ်က စခန်းချတပ်စွဲခဲ့တဲ့ ဘုရားကျောင်းအတွင် မဟာမိတ်တပ်ပေါင်းစုတွေကဝင်ရောက်ရှင်းလင်းရာမှ 7.62ကျည်ဆံ (၅၂၁)တောင့်၊ 5.56ကျည်ဆံ (၂၆၀) တောင့်၊ စုဗုံး (၁၄) လုံး၊ ကျည်ဘောက် (၈) ခု၊ RPG (၁) လုံး၊ ၁၈မိုင်း (၁) လုံး၊ သေတ္တာ (၂) လုံး၊ 79သီး (၂) လုံး ကို သိမ်းဆည်းရမိနိုင်ခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန် ထားပါတယ်။