ဗြိတိန် ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားမှာ မြန်မာကို မဖိတ်

အဲလိဇဘက်သ် ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားအတွက် မြန်မာနိုင်ငံကို မဖိတ်ကြားဖို့ ဗြိတိန် အစိုးရက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ ပြဿနာနဲ့ စစ်တပ် အာဏာသိမ်းမှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ခံထားရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် နာရေး အခမ်းအနားမှာ မြန်မာနိုင်ငံကို မဖိတ်တော့ဘဲ ဗြိတိန်အစိုးရက ချန်လှပ်ထားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

ဘုရင်မကြီးရဲ့ ဈာပနအတွက် ဖိတ်စာမရတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ ဘီလားရုစ်တို့လည်း ပါဝင်ကြပါတယ်။ အဲဒီ နှစ်နိုင်ငံစလုံးဟာ ယူကရိန်း နိုင်ငံကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲကြောင့် ဗြိတိန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ကြုံနေကြရပါတယ်။

စက်တင်ဘာ ၁၉ ရက်ကျရင် လန်ဒန်မြို့မှာ ပြုလုပ်မယ့် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ တော်တော်များများက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ အပါအဝင် အထူးကိုယ်စားလှယ် ၅၀၀ ဝန်းကျင် တက်ရောက်ကြမယ်လို့ ခန့်မှန်းရပါတယ်။ အီရန် အစိုးရကတော့ သံအမတ်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့ကိုသာ စေလွှတ်မယ်လို့ ပြောကြားထားပါတယ်။

ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ပြုလုပ်မယ့် အခမ်းအနားဟာ နှစ်ပေါင်း အတော်ကြာ ကာလအတွင်း ဗြိတိန်မှာ နိုင်ငံခေါင်းဆောင်တွေ အများဆုံး စုဝေးမှုလည်း ဖြစ်လာနိုင်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးဖြစ်သူ ဂျီလ်ဘိုင်ဒန်၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ ကနေဒါတို့က ဝန်ကြီးချုပ်တွေက လန်ဒန်ကို ကိုယ်တိုင် လာရောက်ကြမယ်လို့ အတည်ပြုထားကြပါတယ်။

ဘုရားကျောင်းထဲမှာ နေရာကန့်သတ်ချက် ကြီးမားတာကြောင့် နိုင်ငံခေါင်းဆောင်တွေဟာ ဘုရင်မကြီးကို နောက်ဆုံး ဂါရဝပြု နှုတ်ဆက်ချိန်မှာ အိမ်ထောင်ဘက်နဲ့သာ နှစ်ဦးတည်း ဝင်ရောက်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်ဆီ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ပြီး မကြာခင်မှာပဲ ဖိတ်ကြားမယ့် ဧည့်သည်တော် စာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လောလောဆယ်တော့ ဂျပန်ဘုရင် နာရူဟီတို၊ တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်းနဲ့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်တို့ကလည်း လန်ဒန်ကို သွားရောက်ဖို့ ပြင်ဆင်နေကြကြောင်း ပြည်တွင်း မီဒီယာတွေက အသီးသီး ဖော်ပြထားကြပါတယ်။  

Ref: Reuters