ပြည်သူ့ခုခံတော်လှန်စစ် (၁၁) လအတွင်း စစ်ကိုင်းတိုင်းမှာတိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့

Photo – Social Media (စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတခုမှာတော်လှန်တပ်ဖွဲ့ကရရှိခဲ့တဲ့ စစ်လက်နက်အသုံးအဆောင်များ)

ပြည်သူ့ခုခံတော်လှန်စစ်စတင်ကြောင်း ကြေညာပြီးနောက် (၁၁)လအတွင်း စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲ အများဆုံးဖြစ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့တဲ့နှစ်စက်တင်ဘာ ၇ရက်မှာ ပြည်သူ့ခုခံတော်လှန်စစ် စတင်တယ်လို့ ကြေ ညာခဲ့တာဖြစ်ပြီး တနှစ်တာကာလအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လအထိ တိုက်ပွဲဖြစ်မှုနဲ့ ပဋိပက္ခဖြစ်မှုအခြေအနေ ဆိုင်ရာ အချက်အလက်တွေ ကို မနေ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီကာလအတွင်းပေါက်ကွဲမှု၊ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲဖြစ် မှုအခြေအနေတွေအရ စစ်ကိုင်းတိုင်းမှာ (၂၈၄၀)ကြိမ်နဲ့အများဆုံးဖြစ်ပါတယ်။မကွေးတိုင်းမှာ (၈၄၅)ကြိမ်၊မန္တလေးတိုင်းမှာ (၆၂၀)ကြိမ် ရှိပြီး တိုင်းနဲ့ပြည်နယ်တွေထဲ ခုခံတွန်းလှန်တိုက်ခိုက်တဲ့ အရေအတွက်အများဆုံး ဒေသတွေ အဖြစ်ရှိနေပါတယ်။

ရန်ကုန်တိုင်းကတော့ ပေါက်ကွဲမှု (၆၂၈)ကြိမ်ရှိတာကြောင့် တခြားဒေသအားလုံးထက် ပေါက်ကွဲမှုဖြစ်တဲ့အကြိမ် ရေ အများဆုံး ဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းမှာ လက်နက်ကိုင်တိုက်ပွဲခြောက်ကြိမ်နဲ့ ခုခံတိုက်ခိုက်မှု တရာ ကျော်လည်းရှိခဲ့ပါတယ်။

ပြည်နယ်တွေထဲမှာတော့ ကရင်ပြည်နယ်မှာ (၄၃၅)ကြိမ်၊ရှမ်းပြည်နယ်မှာ (၄၀၄)ကြိမ်နဲ့ ကယားပြည်နယ်မှာ (၃၆၄) ကြိမ်၊ချင်းပြည်နယ်မှာ (၃၂၅) ကြိမ်အသီးသီးရှိပြီး တိုက်ပွဲနဲ့ခုခံတိုက်ခိုက်မှုအများဆုံးဒေသတွေအဖြစ် ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ကိုင်းတိုင်းမှာ အရပ်သားတွေအပေါ်အကြမ်းဖက်မှုဖြစ်စဉ်တွေအများဆုံးလုပ် ခဲ့တာဖြစ်ပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်ပေါင်း (၆၃၀၅)ကြိမ်ထိ လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ခုခံတော်လှန်စစ်( ၆၁၃၂)ကြိမ်ရှိတယ်လို့ NUG ကဆိုပါတယ်။

၂၀၂၂ခုနှစ် ဩဂုတ်လထိ စစ်တမ်းတွေအရတိုက်ပွဲတွေနဲ့ပဋိပက္ခတွေမှာ တစ်နှစ်တာကာလအတွင်း စစ်ကောင် စီတပ်သား စုစုပေါင်း (၂၀,၅၈၉)ဦးသေ ဆုံးခဲ့ပြီး (၇,၃၁၃) ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အရပ်သားပြည်သူ (၃,၀၁၀)ဦး သေဆုံးခဲ့ရပြီး (၁,၉၃၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၄,၁၁၉)ဦး ထိဖမ်းဆီး ခံခဲ့ရတယ်လို့ NUG ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြည်သူ့ခုခံစစ်တစ်နှစ်ပြည့် စစ်တမ်းအရ စစ်ကောင်စီတပ်သားတွေဟာ ၂၀၂၂ခုနှစ် မေလမှာ(၂,၅၂၄)ဦးထိသေ ဆုံးခဲ့ကာ တစ်နှစ်တာတွင်း စစ်ကောင်စီတပ်သား အများဆုံးသေဆုံးခဲ့တဲ့လဖြစ်တယ်လို့ဆိုပါတယ်။ ဒီအချက် အလက်တွေဟာ လွတ်လပ်တဲ့သတင်းမီဒီယာဖော်ပြချက်တွေနဲ့ မြေပြင်သတင်းပေးပို့ချက်တွေကို အခြေ ခံတွက်ချက်ထားတာဖြစ်လို့ ကွဲလွဲမှုတချို့ရှိနိုင်တယ်လို့ NUG ကဆိုပါတယ်။

လာမယ့်နှစ်မှာ ပိုမိုကျယ်ပြန်တဲ့ စစ်ရေး၊နိုင်ငံရေးရလဒ်တွေ ထွက်လာဖို့ တော်လှန်ရေးအရှိန်မြှင့်မယ်လို့ NUG ယာ ယီသမ္မတ ဒူဝါလရှီးလကစက်တင်ဘာ ၇ရက်က ပြည်သူ့ခုခံတော်လှန်စစ်မိန့်ခွန်းမှာထည့်ပြောထားပါတယ်။ လက် ရှိမှာ တစ် နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်( ၂၅၀)ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ သူကဆိုပါတယ်။