သပိတ်လုပ်ခဲ့တဲ့နေရာတွေမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေရှိလို့ မန္တလေးသပိတ်အင်အားစုက ပြည်သူကိုတောင်းပန်

မန္တလေးမြို့က ပြောက်ကျားသပိတ်ပြုလုပ်ခဲ့တဲ့ နေရာတွေမှာ သပိတ်ပြီးတာနဲ့ စစ်တပ်က အနီးဝန်းကျင်က သပိတ်နဲ့မဆိုင်တဲ့ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေလုပ်တဲ့အတွက် ပြည်သူတွေကို တောင်းပန်တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့အပြင် သပိတ်လှုပ်ရှားမှုတွေ စုဆုံ နေရာယူတဲ့ ပတ်ဝန်းကျင်က ပြည်သူတွေ၊နေအိမ်တွေကို လူ့အခွင့်အရေးချိုးဖောက်ပြီး စစ်ဆေးမေးမြန်း၊ ဖမ်းဆီး တာတွေ ဆက်တိုက်လုပ်လာနေတယ်လို့ မန္တလေးသပိတ်အင်အားစုကဆိုပါတယ်။

စစ်ကောင်စီက သပိတ်လှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွဲဖို့ကြိုးစားလေ့ရှိသလို သပိတ်လုပ်ခဲ့တဲ့နေရာတဝိုက် ကို သပိတ်နဲ့ မဆိုင်တဲ့ ပြည်သူတွေကိုလည်း ရန်ရှာ၊ဖမ်းဆီးလေ့ရှိတယ်လို့ မန္တလေးမြို့ခံတွေကလည်း DNA ကိုပြောပါတယ်။

“သပိတ်စစ်ကြောင်းတစ်ခုရောက်လာတယ်၊ကြွေးကြော်သံတွေကြားလိုက်တယ်၊ခဏအတွင်းမှာပဲအားလုံး ရှောင် သွားတယ်၊မကြာဘူး စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး အနီးပတ်ဝန်းကျင်ကလူ တချို့ကိုစစ်ဆေးမေးမြန်း တာ တွေလုပ်ပြီး သူတို့တွေရာလူ ၇ယောက်လောက်ကိုဖမ်းစီးဆီးဆောင်သွားတယ် ဖြတ်သွားဖြတ်လာနှစ်ယောက်ပါ ပါသွားတယ်” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီက အဲ့ဒီလို လုပ်တာဟာ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ချုပ်ကိုင်ပြီး ပြည်သူနဲ့တော်လှန်ရေး အင်အားစုတွေ အပေါ် သပ်သျှိုသွေးခွဲနေတာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုနဲ့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့သာမက ရန်ကုန်အပါအဝင် မြို့ပြပြောက်ကျားသပိတ်လှုပ်ရှားမှုတွေဆက်ရှိနေသေးတဲ့ ဒေသတွေမှာ စစ်ကောင်စီက အလားတူ ရန်ရှာဖမ်းဆီးတာတွေ လုပ်လေ့ရှိပါတယ်။ရန်ကုန်မှာလည်း ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သပိတ်လှုပ်ရှားမှုပြုလုပ်အပြီး ညပိုင်းမှာလှည်းတန်းကပျံကျဈေးသည်တွေရဲ့ ပစ္စည်းတွေကို စစ်တပ်က မီးပုံရှို့ခဲ့ပါတယ်။

ဒါ့အပြင် သပိတ်လှုပ်ရှားမှုတွေဖြစ်ခဲ့တဲ့ နေရာပတ်ဝန်းကျင်က ပြည်သူတွေကိုခြိမ်းခြောက် ကြိမ်းမောင်းတာမျိုးလည်း အကြမ်းဖက်စစ်တပ်က လုပ်လေ့ရှိပါတယ်။စစ်တပ်က အခုလို အကြမ်းဖက်တာတွေဟာ သွေးခွဲတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ပြည်သူအများစုကလည်း နားလည်ကြတယ်လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။

“တောင်းပန်စရာတော့မလိုပါဘူး၊ပြည်သူပိုင်လမ်းနယ်နိမိတ်တွေမှာ သူတို့မကြိုက်တာကို ငြိမ်းချမ်းစွာ ဆန္ဒပြ ကြတာ၊ဒါကိုစစ်ကောင်စီက ပြည်သူနဲ့တိုက်ပေးတဲ့ပုံစံမျိုး မဆိုင်တဲ့သူတွေကိုဖမ်းဆီးနေတာ၊ ကျွန်တော်တို့က နားလည်ပေးရမှာပေါ့”လို့ အဲ့ဒီ မန္တလေးမြို့ခံက ပြောပါတယ်။