
ပရော်ဖက်ရှင်နယ် ဘဝက အနားယူပြီး ကတည်းက အစားအသောက် ဆင်ခြင်စရာ မလိုတော့တဲ့အတွက် ကျေနပ်နေမိကြောင်း ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ချန်ပီယံဟောင်း ခါဘစ်ဘ် နာမာဂိုမေဒေါ့ဗ်က ပြောပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ခါဘစ်ဘ်ဟာ UFC အဖွဲ့ချုပ်ရဲ့ လိုက်ဝိတ်တန်း ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း MMA အားကစားနည်းရဲ့ ဂန္ထဝင် ကြယ်တစ်ပွင့်အဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ ခါဘစ်ဘ်ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းတလျှောက် ၂၉ ပွဲ ယှဉ်ပြိုင်ရာမှာ ၂၉ ပွဲစလုံးနိုင်ခဲ့ပြီး အဲဒီထဲမှာ အလဲထိုး ၈ ပွဲနဲ့ ဒိုင်ပွဲရပ် ၁၁ ပွဲ ပါဝင်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ နည်းပြလည်းဖြစ်တဲ့ ဖခင် ကွယ်လွန်သွားခဲ့ပြီး ခါဘစ်ဘ်လည်း အားကစား လောကကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ UFC အကြီးအကဲ ဒါနာဝှိုက်က ရုရှားသားရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲဖို့ အကြိမ်ကြိမ် နားချပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ခါဘစ်ဘ်က သူ့မိခင်ကို ပေးထားတဲ့ ကတိအတိုင်း MMA ကြိုးဝိုင်းတွေကို စွန့်ခွာသွားခဲ့ပါတယ်။
အခုတော့ ခါဘစ်ဘ်ဟာ ကိုယ်အလေးချိန် ပေါင် ၂၀၀ ကျော်သွားပြီဖြစ်ပြီး Pepsiသောက်လိုက်၊ ဟမ်ဘာဂါတွေ စားလိုက်နဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြောင်း သိရပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဂျက်စတင် ဂက်သ်ဂျီနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ကိုယ်အလေးချိန် ပေါင် ၅၀ လောက် တက်လာတဲ့ သဘောပါ။ ခါဘစ်ဘ်က သူဟာ အစားရှောင်နေစရာ မလိုတော့တဲ့ အခြေအနေအပေါ် သိပ်ကျေနပ်နေမိတယ်လို့ ပြောပါတယ်။
ဒါတောင်မှ ခါဘစ်ဘ်ဟာ စားချင်တာစားလို့ရအောင် တစ်နေ့ကို ၅ နာရီလောက် လေ့ကျင့်ခန်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ အားကစားသမား ဘဝတုန်းက အချိုစာတွေ အရမ်းရှောင်ပြီး ဝိတ်ထိန်းထားရကြောင်း၊ အခုအခါ စားချင်တာတွေ လျှောက်စားလို့ ကိုယ်အလေးချိန် ထိုးတက်လာတာကို ဘာမှ မတတ်နိုင်ကြောင်း ခါဘစ်ဘ်က ရယ်ကြဲကြဲနဲ့ ပြောပါတယ်။
ခါဘစ်ဘ်ဟာ ၂၀၁၇ တုန်းက တိုနီဖာဂူဆန်နဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်မတိုင်ခင် ကိုယ်အလေးချိန် လျှော့ချတဲ့ အစီအမံတွေ ပြင်းထန်လွန်းတာကြောင့် ဆေးရုံပါ တက်ခဲ့ရဖူးပါတယ်။ သူဟာ အစားမက်သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝတလျှောက် အခက်ခဲဆုံး ကိစ္စက စားချင်တာတွေ မစားရတာဖြစ်ကြောင်း ခါဘစ်ဘ်က ဝန်ခံခဲ့ဖူးပါတယ်။