စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာရဲကင်းစခန်းက ဈေးဝယ်ထွက်လာတဲ့ ရဲနှစ်ဦးကို ဒီနေ့ စက်တင်ဘာလ ၁၂ ရက် မနက် ၇ နာရီခွဲမှာ ပစ်ခတ်တိုက်ခိုက်လို့ နှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ Monywa Lightning PDF အဖွဲ့ဝင်တဦး က DNA ကိုပြောပါတယ်။
“ပြည်သူကိုမထိခဲ့ဘူးဗျ၊ ရဲနှစ်ယာက်ကိုပဲ အနီးကပ်ပစ်နိုင်ခဲ့တယ်၊ကျည်မှန်ပြီးတဲ့ ရဲတစ်ယောက်ကလည်း သေနတ်ပြန်ပစ်မလို့ ကျွန်တော်တို့ကို၊ သူ့သေနတ်သူမနိုင်တော့ မပစ်နိုင်ဘဲ ကျွန်တော်တို့က လက်ဦးမှုယူလိုက်တာပါ” လို့ Monywa Lightning PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပစ်မှတ်ထားခဲ့တဲ့ ရဲနှစ်ဦးကို အစီအစဉ်အတိုင်း ပစ်ခတ်နိုင်ခဲ့တာကြောင့် သေဆုံးခဲ့ပေမယ့် ဖြစ်စဉ်အနီး ရဲစခန်း ရှေ့မှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်ပစ်တာကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ သေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်တာရှိပေမယ့် ကာကွယ်ရေးတပ်တွေဘက်က ထိခိုက် ဒဏ်ရာရတာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး G-3 တစ်လက်နဲ့ UZI တစ်လက်ကိုလည်း ရခဲ့တယ်လို့ Monywa Lightning PDF အဖွဲ့ကပြောပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၇) – Lightning People Defense Force က တပ်ခွဲ (၂)၊ တပ်ခွဲ (၃) နဲ့ တပ်ခွဲ (၅) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။အဲ့ဒီပစ်ခတ်မှုဖြစ်ခဲ့တဲ့ ညောင်ဖြူပင်ရွာ တောင်ပိုင်းမှာ ဒီနေ့မှာပဲ မိုင်းပေါက်ကွဲမှုတစ်ခုလည်းဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရဲနှစ်ဦးပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာ အဲ့ဒီရွာမှာပဲ မိုင်းထပ်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကတော့ Lightning People Defense Forceနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
“မိုင်းကွဲတာက ရွာတောင်ဘက်၊ ကျွန်တော်တို့က ရဲစခန်းအနီးရွာမြောက်ပိုင်းမှာပါ၊ ကျွန်တော်တို့ Mission ပြီးတော့ တခြား Local အဖွဲ့တစ်ခုက မိုင်းထောင်တာ မိုင်းက error တက်ပြီး ပေါက် သွား တာလို့ကြားတယ်ဗျ” Lightning People Defense Force တပ်ဖွဲ့ဝင်က DNA ကိုပြောပါတယ်။