ကလေးမြို့မှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ရွာတွေဘက် လက်နက်ကြီးနဲ့ပစ်ခတ်

Photo – Google

စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ ကလေးမြို့နယ်တောင်ပိုင်းကနေ မြို့ပေါ်လာတဲ့ ကားတွေကို နောက်ပြန်လှည့် ခိုင်းပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနက်က ကမ်းပါးနီဂိတ်ကပြန်လှည့်ခိုင်းလို့ ပြန်လှည့်ခဲ့ကြရတာ၊အနီးအနားရွာက ကားတွေရောပြန် လှည့် ခဲ့ရတယ်၊ရွာကိုပြန်ရောက်ပြီးမကြာဘူးလက်နက်ကြီးထုသံတွေကြားရတော့တာ” လို့ ကလေးမြို့နယ်တောင်ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တလုံး ရှားဖိုရွာအနောက်ဘက်က သစ်ပင်တစ်ပင်ကို ထိမှန် ခဲ့သလို မြစ်သာမြစ်အရှေ့ဘက် ကျောက်ဖူးရွာဖက်ကိုလည်း ကျည်တချို့ ကျတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကြမ်းပြင်မှာ စိတ်ချလက်ချ ဖင်ချထိုင်နေလို့ကိုမရဘူး၊တိုက်ပွဲမဖြစ်ပေမယ့် လက်နက်ကြီးတွေနဲ့ထုနေတော့ ပြင်ထားရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကြံသာရွာမှာတပ်စွဲ နေတဲ့ စစ်ကောင်စီတပ်က တင်သားကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီကအခုလို တိုက်ပွဲတွေမရှိဘဲ ကားတွေပြန်လှည့်ခိုင်းတာ၊ လက်နက်ကြီးနဲ့ထုတာဟာ ကလေးမြို့နယ် တောင်ဘက်က ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းစတဲ့ ပျူရွာတွေက ကားတွေ ကလေးမြို့နယ်ထဲက မြောက်စည်းရွာကို စျေးဝယ်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲ့ဒီပျူရွာတွေက ဒေသခံတွေဟာ ကလေးမြို့ မြောက်စည်းကျေးရွာကစျေးဆိုင်တစ်ဆိုင် မှာစျေးဝယ်လေ့ရှိပြီး ဈေးဝယ်ထွက်ချိန်မှာ စစ်ကောင်စီတပ်တွေက လမ်းတစ်လျောက်ကင်းပုန်းဝပ်စောင့်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

“အဲဒီပျူရွာက ကားတွေကြောင့် သူတို့ခုလိုလမ်းပိတ်ပြီး လျှောက်ထုနေတာဖြစ်မယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးမြို့တောင်ဘက်အဝင် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း ကလေးမြို့အ ဝင်လမ်းကို စက်တင်ဘာ (၁၂)ရက် ဒီနေ့မနက်ပိုင်းကစလို့ပိတ်ထားပြီး လုံခြုံရေးအင်အားအများအပြား ချထားတဲ့အပြင် ကလေးမြို့တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။