ပါပူဝါးနယူးဂီနီနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူလေးဦးထက်မနည်း သေဆုံး 

ပါပူဝါးနယူးဂီနီနိုင်ငံ အရှေ့ပိုင်းမှာ ရစ်ခ်ျတာစကေး ၇ ဒဿမ ၆ အဆင့်ရှိ ငလျင်တစ်ခု ဒီကနေ့  စက်တင်ဘာ ၁၁ ရက်မှာ လှုပ်ခတ်သွားခဲ့ပြီးနောက် လူ ၄ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်တွေနဲ့ အခြေခံအဆောက်အဦတွေတော်တော်များများ ထိခိုက် ပျက်စီး ခဲ့ပြီး လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရက သေဆုံးသူအရေအတွက်ကို ထုတ်ပြန်တာ မရှိပေမယ့် ကုလသမဂ္ဂရဲ့  အာရှနဲ့ ပစိဖိတ်ဆိုင်ရာ Coordination of Humanitarian Affairs (OCHA)က ငလျင်ကြောင့် လူ ၄ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရ ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ငလျင်လှုပ်ခတ်မှုကို အစီရင်ခံတဲ့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆူနာမီအန္တရာယ်မရှိတော့ဘူးလို့ ပြန်လည်ကြေညာခဲ့ပါတယ်။

Port Moresby မြို့တော်ကနေ ကီလိုမီတာ ၄၈၀ လောက် အကွာအဝေးအထိ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ 

ပါပူဝါးနယူနိုင်ငံက ပစိဖိတ်ချိုင့်ဝှမ်းဒေသပေါ်မှာတည်ရှိနေတဲ့အတွက် မကြာခဏဆိုသလို ငလျင်လှုပ်လေ့ရှိပါတယ်။