မိုးဗြဲမှာ မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေ

Photo -မိုးဗြဲ PDF
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ မိုးဗြဲ PDF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့ ၇ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားသလို့ ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် များတယ်လို့ မိုးဗြဲ PDFရဲ့ တာဝန်ခံက DNAကိုပြောပါတယ်။
“ဒီနေ့က စတုတ္ထမြောက်တိုက်ပွဲပေါ့နော်။သူတို့က ဘာသာအဆောက်အဦးပေါ်မှာ ခြေကုတ်ယူထားတဲ့ သဘောရှိတယ်။ အဲ့ဒါကိုကျွန်တော်တို့ရှင်းထုတ်နေတယ်။ဒီရက်မှာ သူတို့လည်း ထိခိုက်အကျဆုံး များတယ်။ ကျွန်တော်တို့လည်းဒီရက်မှာ ထိခိုက်ဒဏ်ရာရရှိတာက အရင်ရက်တွေထက်ပိုများတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေတာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
မိုးဗြဲမြို့နယ်မှာ စက်တင်ဘာ ၈ရက်ကနေစပြီး တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာပါ။
အင်အား ၁၀၀လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းစထိုးလာတာကြောင့် ပူးပေါင်း အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးပြီး ပူးပေါင်းအဖွဲ့ဘက်က ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၉ရက်မှာ စစ်ကောက်စီဘက်က ၈ဦးသေဆုံးပြီး ပူးပေါင်းအဖွဲ့ဘက်က ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၁၀ရက်မှာတော့ စစ်ကောင်စီဘက်က ၁၀ဦးနဲ့ ပူးပေါင်းအဖွဲ့ဘက်က ၄ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ အဲဒီတာဝန်ခံက ပြောပါတယ်။