စစ်ကောင်စီတပ်တွေ လူသားဒိုင်းအသုံးပြုနေတယ်လို့ KNU ထုတ်ပြန်

Photo-CJ
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေထဲမှာ တပ်နေရာလဲသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က အပြန်လမ်းမှာ ဒေသခံအရပ်သားတွေကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
သထုံခရိုင်၊ ဘီးလင်းမြို့နယ်ထဲက လေးကေစစ်ကောင်စီစခန်းကနေ နေရာလဲဖို့ထွက်သွားတဲ့ (ခမရ-၄၀၁၊ ခမရ-၄၁၀) ပူးပေါင်းတပ်ဖွဲ့က ဝင်းတာပန်စခန်းကိုအပြန်မှာ အနီးအနားရွာတွေက ဒေသခံရွာသား ကိုး ဦးကို အဓမ္မဖမ်းဆီးပြီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါရွာသားတွေထဲက ကားမဲကျေးရွာနဲ့ တာပေါခီးရွာသား သုံး ဦးကို စက်တင်ဘာလ (၆) ရက်နေ့က ပြန်လွှတ်ပေးခဲ့ပေမယ့် နော့ကတိုခီး၊ ကျောက်တောင်နဲ့ နို့တလာအော ရွာတွေက ရွာသား သုံး ဦးကိုတော့ မလွှတ်ပေးဘဲ ပိန္နဲတော စစ်ကောင်စီစခန်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ၎င်းတို့စခန်းတည်ဆောက်ဖို့အတွက် လေးကေရွာ၊ သူးကဘီးရွာနဲ့ မြစ်ကျိုးရွာသားတွေထံက သစ်၊ ဝါးတွေ အဓမ္မတောင်းယူခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။
နယ်မြေခံ ကရင့်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လေးကေစခန်းကို တပ်ချိန်းဖို့စစ်ကြောင်းထိုးလာတဲ့ (စကခ ၈-ခမရ ၄၁၀) တပ်ဖွဲ့တွေအကြားဩဂုတ်လ ၃၀ ရက်နေ့ကထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်ကခြောက်ဦးသေ၊နှစ် ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပုံဟောင်း-(25.1.2022 ရက်နေ့ ကျိုက်ထိုမြို့နယ်၊ မဲရုံးကြီးကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ သစ်စက်တွင် အလုပ်လုပ်နေသော အလုပ်သမား ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား)