ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာ အဟက်ခံရပြီး လိမ်လည်အလှူခံတာတွေရှိနေ

ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့-တပ်ခွဲ(၂)ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ အဟက်ခံထားရပြီး လိမ်လည် အလှူခံတာတွေရှိနေလို့ ပြည်သူတွေအနေနဲ့ လတ်တလောမှာ ဆက်သွယ်အလှူငွေထည့်ဝင် တာမလုပ်ဖို့ အဲ့ဒီအဖွဲ့ကအဖွဲ့ဝင် ရဲဘော်ရန်နောင်က DNA ကိုပြောပါတယ်။
တပ်ဖွဲ့က အသုံးပြုနေတဲ့ လူမှုကွန်ရက် စာမျက်နှာ အဟက်ခံရတာကို ဒီကနေ့ စက်တင်ဘာ(၇) ရက် နေ့လယ် ပိုင်းမှာ စတင်သိရှိတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလို သိရှိချိန်မှာ လိမ်လည် အလှူခံသူတွေက အလှူငွေ ဆယ် သိန်းဝန်းကျင်လောက် လိမ်လည် ရယူပြီးဖြစ်တယ်လို့ ရဲဘော်ရန်နောင်ကပြောပါတယ်။
လက်ရှိမှာ အဲ့ဒီတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကို တပ်ဖွဲ့ဝင်ရဲဘော်တွေရော ဟက်ယူထားသူတွေကရော အသုံး ပြုနေတဲ့ အခြေအနေရှိနေပါတယ်။ဒီကနေ့မှာ တပ်ဖွဲ့ရဲ့ အဲ့ဒီလူမှုကွန်ရက်စာမျက်နှာမှာ Page အဟက်ခံထားရလို့ page messenger ကိုဆက်သွယ်လှူဒါန်းတာမလုပ်ဖို့သတိပေးဖော်ပြတာနဲ့ ယုံကြည် စိတ်ချစွာ ဆက်လက် လှူ ဒါန်းနိုင်တယ်လို့ အပြန်အလှန် အကြိမ်ကြိမ်ဖော်ပြတာတွေ ရှိနေပါတယ်။
ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့-တပ်ခွဲ(၂)ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပခုက္ကူမြို့က စစ်ကောင်စီ စစ်ဆေး ရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လတ်တလောလူသိများတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပါတယ်။
အမျိုးသမီးရဲဘော်တဦးလည်းပါဝင်ခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကသေဆုံးထိခိုက်မှုတွေရှိ တဲ့ အပြင် မောင်းပြန်သေနတ်နှစ်လက်ကိုလည်း တော်လှန်ရေးရဲဘော်တွေဘက်က ရခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှု အတွင်း တော်လှန်ရေးရဲဘော်တွေထိခိုက်တာမရှိပေမယ့် ပစ္စတိုတလက်၊လက်ပစ်ဗုံး နှစ်လုံး ၊ကျည်အချို့နဲ့ ဆိုင်ကယ်နှစ်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။