မိုးရေထဲမှာလည်း မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်စစ်ကြောင်း

ကလေးမြို့မှာ စက်တင်ဘာ (၇) ရက် မနက်ပိုင်းက မိုးရွာနေပေမယ့် ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေကတော့ စစ်အာဏာရှင်ဆန့်ကျင်သပိတ် (၅၇၈) ရက်မြောက်အဖြစ် မပျက်မကွက် ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“မနက်ပိုင်းမိုးလေးရွာလာတော့ ကျမဆို စျေးတောင်မသွားဖြစ်ဘူး၊ သူတို့တွေက မိုးရွာရွာ၊ နေပူပူ မပျက်ကွက်ဘူး၊ သပိတ်ခေါင်းဆောင်တွေကိုရော၊ ရောက်ရာအရပ်မှာ ပါဝင်ကြတဲ့သူတွေအားလုံးကို လေးစားတယ်” လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ PDF အလံ၊ ကျောင်းသားအလံ၊ ချင်းအမျိုးသားအလံတွေကို ကိုင်ဆောင် ပြီး NUG နဲ့ ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စာတန်းတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
“သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင်လဲ ပြည်သူဘက်ကနေရဲရဲကြီးရပ်တည်ပေးခဲ့တာကြောင့်ရယ်၊ NUG ကလည်းလက်ရှိပြည်သူ့နဲ့အတူရှိနေတာကြောင့်နိုင်ငံတကာမှာ ကျွန်တော်တို့ ယုံကြည်ရတဲ့အဖွဲစည်းမျိုး လူမျိုးတွေ ရှိနေဖို့လိုအပ်တယ်”လို သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးကဆိုပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာသိမ်းကတည်းက အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ဖြီး စစ်အာဏာရှင်ကို ပျက်ရက်မရှိဆန့်ကျင်ကန့်ကွက်နေတဲ့ သပိတ်စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။
Photo – CJ