မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရွှေတောင်ရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ (၆) ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ယောဒေသကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။
“ရွှေတောင်ရွာထဲမှာ YDF ဝတ်စုံတွေတွေ့လို့ဆိုပြီး မီးရှို့နေပြီ၊ ရွာကသေးသေးပါဆိုမှ အကုန်ပြောင်မှာပါပဲ၊ ကျွန်တော်တို့အနေနဲ့လည်း စဥ်းစားရမဲ့အပိုင်းတွေရှိလာပြီ၊ ပြည်သူကိုငဲ့တယ်ငဲ့တယ်ဆို့ပြီး မတိုက်ဘဲနေလည်း ဒီကောင်တွေရှို့တာပဲ” လို့ သူကပြောပါတယ်။
ရွှေတောင်ရွာကို မီးရှို့တဲ့စစ်ကြောင်းဟာ ဂန့်ဂေါ ခ.လ.ရ (၅၀) ကနေ စက်တာဘာ (၁) ရက်နေ့က စထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့သိရပြီး ဒီနေ့ညပိုင်းအထိ ဒေသခံတွေရဲ့ အတည်ပြုချက်အရ အဲ့ဒီ ကျေးရွာကနေအိမ်ရှစ်လုံး မီးလောင်ပျက်စီးတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကတော့ ရွှေတောင်ရွာကိုမီးရှို့အပြီးမှာ တောင်ယာပြင်ရွာဘက်ကို ဆက်ထွက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကန်ရွာရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လူချင်းလဲလှယ်မယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
ကန်ရွာ ရဲစခန်းမှ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာခံတဦးဆီက ဆန်(၁၅)အိတ်ကို ပေါက်ဈေးထက် ထက်ဝက်နီးပါးလောက် ဈေးနှိမ်ပြီး ယူသွားသလို ကြက်အများအပြားလည်း သတ်ဖြတ်ယူဆောင်နေတယ်လို့ ကန်ရွာသားတစ်ဦးက ပြောပါတယ်။
အဲ့ဒီလို လုပ်တာဟာ နောက်ထပ်ရောက်လာမယ့် စစ်ကြောင်းအတွက် ရိက္ခာစုပေးနေတာဖြစ်တယ်လို့ ကန်ရွာ ဒေသခံတွေက ယူဆကြတာပါ။
ရွှေတောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းကတော့ ရွှေတောင်ရွာမရောက်ခင် လက်ပန်ကျေးရွာမှာ ညအိပ်ခဲ့ပြီး ပြည်သူတွေရဲ့ကြက်ဝက်တွေကို သတ်ဖြတ်စားသောက်ခဲ့ကြတဲ့အပြင် ရွာသူရွာသားတွေရဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေလည်း နေအိမ်တွေစွန့်ခွာပြီး တိမ်းရှောင်နေကြရပါတယ်။