မတူပီမှာ စစ်တပ်က ဖမ်းဆီးထားသူတဦး သေဆုံး

Photo – Google

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတဦး စစ်ကြောရေးမှာပဲ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ မတူပီမြို့ ဖနိုင်ရွာက ဦးလုံအောဆိုသူဖြစ်ပြီး စစ်တပ်က ဇူလိုင်လလယ်ကတည်းက ဖမ်းဆီးသွားပြီး အခုလဆန်းပိုင်းမှာမှ သေဆုံးသွားတဲ့အကြောင်း မိသားစုက သိရတာပါ။ စစ်ကောင်စီတပ်က ဦးလုံအောနဲ့အတူ ဇနီးဖြစ်သူကိုပါ ဖမ်းဆီးခဲ့ပေမယ့် ဇနီးဖြစ်သူကိုတော့ လွန်ခဲ့တဲ့ သုံးပတ်လောက်က ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

မတူပီမြို့အခြေစိုက် ခလရ (၁၄၀) က ဗိုလ်မှူးသန်းနိုင်ဦးဟာ အခုနှစ် ဇူလိုင် ၁၅ ရက်က သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက မတူပီမြို့ခံ ခြောက်ဦးဖမ်းရာမှာ ဦးလုံအောလည်းပါဝင်ခဲ့ပြီး အခုလို သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တခြားဖမ်းဆီးခံရသူ ငါးဦးကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF မတူပီကတော့ ဗိုလ်မှူးသန်းနိုင်ဦးကို သူတို့သတ်ဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ စစ်ကောင်စီက ဖမ်းဆီးထားသူတွေဟာ CDF မတူပီနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေသာဖြစ်တယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။

ဗိုလ်မှူးသန်းနိုင်ဦးဟာ မတူပီအခြေစိုက် စစ်ဗျူဟာထောက်လှမ်းရေးတဦးဖြစ်ပြီး သူ့ရဲ့သတင်းပေးမှုကြောင့် CDM ဝင်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသတ်ဖြတ်ခံရပြီး လေးဦးအကျဉ်းချခံခဲ့ရတယ်လို့ CDF မတူပီက ဆိုပါတယ်။

ဒါ့အပြင် မတူပီမြို့ခံ အမျိုးသမီးတဦးကိုလည်း ဗိုလ်မှူးသန်းနိုင်ဦးက ကိုယ်တိုင်သတ်ဖြတ်ခဲ့ဖူးလို့ ရှင်းလင်းရတာဖြစ်တယ်လို့ CDF မတူပီက ထုတ်ပြန်ခဲ့ပါတယ်။