စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက People Defence Force Taung Dwin Region -Mingin တပ်ဖွဲ့က ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်ကိုခုခံရင်း သတ်ဖြတ်ခဲ့ရပြီး ကျဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
“အလောင်းကို အဲ့ဒီဖြစ်တဲ့နေရာမှာပဲတွေ့တာ၊ သယ်ဖို့မဖြစ်နိုင်တော့လို့ အဲ့ဒီနေရာမှာပဲ သင်္ဂြိုလ်ခဲ့ရတယ်” လို့ TDPDF MINGIN အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးနဲ့ စက်တင်ဘာ (၂) ရက်ကတည်းက အဆက်အသွယ်ပြတ်သွားခဲ့ပြီး စက်တင်ဘာ (၅) ရက် မနေ့က မနက်ပိုင်းမှာ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ်အတွင်းက TDPDF MINGIN အဖွဲ့ရဲ့ စခန်းဟောင်းကို စက်တင်ဘာ (၂) ရက် မနက်ပိုင်းမှာ စစ် ကောင်စီတပ်က စခန်းသိမ်းဖို့တောနင်းရှာဖွေချိန်မှာ ရဲဘော်ဗိုလ်မြဒင်နဲ့ ရဲဘော်ဗိုလ်မင်းစိုးတို့နှစ်ဦးက ခြုံခိုတိုက်ခိုက်ဖို့အသွား ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။
အဲ့ဒီလို အပြန်အလှန်ပစ်ခတ်ရာက ရဲဘော်တစ်ဦးက နေရာမှာတင်ကျဆုံးပြီး တစ်ဦးအရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ အရှင်ဖမ်းဆီးခံခဲ့ရတဲ့ တပ်ဖွဲ့ဝင်ကို စစ်ကောင်စီတပ်က ဝါးရင်းတုတ်နဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရဲဘော်က တူမီးနဲ့တစ်ချက်ပစ်လိုက်တယ်၊သေနတ်သံ သုံးချက်ထွက်ပြီး မကြားရတော့ဘူး၊ အဲ့ဒီမှာကျွန်တော်တို့ရဲ့ဘော်တစ်ယောက်က သေနတ်မှန်သွားတယ်၊ သူပစ်ပြီးတာနဲ့ သူလည်းမှန်သွားတယ်၊ ကျန်တဲ့ရဲဘော်တစ်ယောက်ကတော့ အရှင်ဖမ်းမိသွားတယ်၊ဝါးရင်းတုတ်နဲ့ ခေါင်းကိုရိုက်သတ်ခံထားရတယ်” လို့ TDPDF MINGIN အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ရဲဘော်နှစ်ဦးဟာ စခန်းအတွက် အားကိုးရသူတွေဖြစ်ပြီး ဗိုလ်မြဒင်ဟာ ၆၃ မိုင်တိုက်ပွဲမှာ စနိုက်ပါ သမား ၄ ဦး၊ အာပီဂျီသမားတစ်ဦးအပြင် တခြားတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၇၀ နီးပါးခန့်ကို ပစ်ခတ်သတ် ဖြတ်နိုင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စခန်းအတွက် ၆၀မမ၊ ၄၀မမ၊ ၈၀မမ လက်နက်ကြီးတွေနဲ့ အဖွဲ့က လက်ရှိသုံးစွဲနေတဲ့ တူမီးသေနတ်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်တယ်လို့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။
ရဲဘော် ဗိုလ်မြဒင် ကျဆုံးချိန်မှာ အမျိုးသမီးနဲ့ သားသမီး လေးဦးကျန်ရှိခဲ့ပြီး ရဲဘော်ဗိုလ်မင်းစိုးကတော့ အမျိုးသမီးနဲ့ သားသမီးနှစ်ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။