ဘားအံ တောင်ကလေးထောင်မှာ သောက်ရေသန့်ပို့ခွင့်ပိတ်ပင်

Photo – AFP

ဘားအံမြို့က တောင်ကလေး အကျဉ်းထောင်ထဲကိုသောက်ရေသန့်ပို့ခွင့် အခုလဆန်းပိုင်းကစပြီး ပိတ်ပင်လိုက်တယ်လို့ အဲ့ဒီထောင်ထဲက အကျဉ်းသားတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“ထောင်ထဲကရေက သန့်တယ်ဆိုပြီး လက်မခံတော့ဘူး၊ အမှန်အတိုင်းပြောရရင် အထဲမှာရေမသန့်ရင် ရောဂါရမှာကြောက်နေရတယ်၊ ဆေးတွေဘာတွေ ပို့လို့ရတယ်ပြောတာဘဲ၊ ရောက်မယ်ထင်တယ်၊ မရောက်လည်း မတက်နိုင်ဘူး၊ ကိုယ့်လူက သူတို့လက်ထဲကရေဆိုတော့” လို့ တောင်ကလေးထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အရင်က ထောင်ထဲမှာ သောက်ရေမသန့်လို့ အဆင်မပြေတာကြောင့် အပြင်ကနေ ရေသန့်ဗူးတွေ ပို့ရတာဖြစ်ပြီး အခုလို ရေသန့်ပို့ခွင့် ပိတ်ပင်လိုက်တာကြောင့် ထောင်ထဲက အကျဉ်းသားတွေ ရောဂါရမှာကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။

အရင်ထောင်မှူးလက်ထက်မှာ ရေသန့်ပေးပို့ခွင့် ရခဲ့ပေမယ့် အသစ်ပြောင်းလာတဲ့ ထောင်မှူးလက်ထက်မှာ ရေသန့်ဗူးတွေကြောင့် အကျဥ်းသားတွေနေရတာ ကြပ်တည်းစေတယ်ဆိုပြီး ရေသန့်ပို့ခွင့် ပိတ်ပင်လိုက်တာလို့လည်း သိရပါတယ်။

ဘားအံတောင်ကလေးထောင်မှာ ထောင်မှူး အသစ်ပြောင်းလာတာ သုံးလဝန်းကျင်ရှိလာပေမယ့် ဒီလဆန်းမှာ ရေသန့်ပို့ခွင့်ကို စတင်ပိတ်ပင်လိုက်တာပါ။ ဘားအံတောင်ကလေးအကျဉ်းထောင်မှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြားအကျဉ်းချ ခံနေရတာပါ။

အဲ့ဒီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ရိုက်နှက်လေ့ရှိတဲ့ အပါအဝင် မသန့်ရှင်းတဲ့ ရေကိုပဲ အသုံးပြုစေတာကစလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းဆန္ဒပြတာတွေရှိသလို နာမည်ဆိုးနဲ့လူသိများပါတယ်။

အခုနှစ် ဇွန်လအတွင်း အဲ့ဒီတောင်ကလေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အခန်းပိတ် ရိုက်နှက်နှိပ်စက်တာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

မေလနဲ့ ဇူလိုင်လတွေအတွင်း အဲ့ဒီထောင်က နိုင်ငံရေးအကျဉ်းသား ၁၆၀ ဝန်းကျင်လောက်ကို စစ်ကောင်စီက သာယာဝတီထောင်နဲ့ မွန်ပြည်နယ်ဘက်က အကျဉ်းထောင်တွေဆီပြောင်းရွှေ့ခဲ့ပြီး ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကိုလည်း ပြောင်းရွှေ့ခဲ့ခြင်း ရှိမရှိဆိုတာတော့ အတိအကျမသိရပါဘူး။

ဘားအံတောင်ကလေးအကျဉ်းထောင်မှာ ထောင်ပိုင်အသစ်ဖြစ်တဲ့ ဦးလှဆွေ ပြောင်းရွှေ့တာဝန်ယူပြီးနောက် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုတွေ တရှိန်ထိုးမြင့်တက်လာပြီး လက်ရှိမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီလို့ ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂက အခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့ပါတယ်။