ကရင်ပြည်နယ်၊ မြဝတီမြို့ဈေးကြီးမီးပွိုင့်အကျော်နားမှာရှိတဲ့ PTT ဓာတ်ဆီဆိုင်မှာ ဒီနေ့ မနက် ၁၁ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။
“ခါတိုင်းဆို မြို့ပြင်မှာနေတော့ အသံကသိပ်မကြားရဘူး အခုရောက်နေတဲ့နေရာက ဗုံးကွဲတဲ့နေရာနဲ့ နီးနေလို့ အကျယ်ကြီးကြားလိုက်ရတာ” လို့ပြောပါတယ်။
ဗုံးပေါက်ကွဲအသံက ကျယ်လောင်တာကြောင့် ဆိုင်အနားမှာရှိတဲ့ ဆိုင်ကယ် taxi ဂိတ်မှာရှိတဲ့ လူနှစ်ဦး နားစည်ထိခိုက်သွားတယ်လို့ သိရပြီး အဲဒီဖေါက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“နားမှာအသံကတော့ အုန်းခနဲပဲ ။ ဘာလဲတော့မသိဘူး မြေပါတုန်တယ်။ ဆိုင်ဘေးကပ်လျက် taxi ဂိတ်က နှစ်ယောက် နားအုံကွဲသွားပါတယ်။ ခေါင်မိုးပေါ်ပါအစတွေကျတယ်” လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှထားပါတယ်။
ဗုံးပေါက်ကွဲပြီးတဲ့နောက် ပေါက်ကွဲခဲ့တဲ့ နေရာနဲ့ အနီးတဝိုက်ကလမ်းကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ပြီး စစ်ဆေးတာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။
ထိုင်းမြန်မာနယ်စပ် စီးပွားရေးမြို့ဖြစ်တဲ့ မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အစရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိနေတာပါ။
လက်ရှိအချိန်မှာ မြို့တောင်ပိုင်းမှာရှိတဲ့ ဝေါလေမြို့အနီး သုံးထပ်ကွေ့လမ်းမှာလည်း KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။