အာရှလမ်းမှာ ကုန်ကားသုံးစီးကို စစ်တပ်က မီးရှို့

Photo- လူမှုကွန်ယက်
မြဝတီ-ကော့ကရိတ် အကြား အာရှလမ်းမပေါ်မှာ စက်တင်ဘာလ ၃ ရက် မနေ့က ညနေ ၃ နာရီကျော်မှာ စစ်တပ်က ကုန်ကား (၃)စီးကို မီးရှို့ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။
“သူတို့က ကားကိုတားပြီးတော့ ရပ်ခိုင်းတယ်။ ကားပေါ်ကဆင်းတော့ ကားကိုမီးရှို့တယ်။ ဘာမှယူခွင့်မရှိဘူး။ ဖုန်းတလုံးဘဲ သူ့လက်ထဲမှာပါလာတယ်။ ပြီးတော့ကားကိုမီးရှို့တယ်။ ကားက (၃)စီးရှို့တာပေါ့ ။ (၂)စီးမှာ လုံးလုံးလောင်သွားတယ်၊ တစီးက ထိုင်ခုံဘဲလောင်တော့ ရေနဲ့ငြိမ်းပြီးတော့ ပြန်မောင်းလာတာ၊ လွတ်လာတယ်လို့ကြားတယ်။ လူတွေကိုတော့ ဘာမှမလုပ်ဘူး၊ ကားသက်သက်ကို မီးရှို့တာ”လို့ ပြောပါတယ်။
ကုန်ပစ္စည်းမပါပဲ ဆင်းလာတဲ့ ကားအလွတ်တွေကို ဘာ့ကြောင့် အခုလို မီးရှို့ပြီး လူတွေကို ပြန်လွှတ်လိုက်တယ်ဆိုတာ မစဉ်းစားတတ်ဘူးလို့လည်း ကားသမားအသိုင်းအဝန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကားက (၂၂)ဘီးကား၊ ကုန်မပါဘူးဗျ ။ ကုန်ပါလို့ အစိုးရနဲ့ မလွတ်ကင်းတာပါလို့ မီးရှို့ရင် ဒါထားတော့ဗျာ။ အခုက ဘာမှ မပါတာ၊ ခါလီကြီးတက်လာတဲ့ကားတွေ” လို့ပြောပါတယ်။
မြဝတီမြို့ခံတဦးကတော့ အခုလို စစ်တပ်က ကားတွေကို မီးရှို့တာဟာ တော်လှန်ရေးကို ပုံဖျက်ဖို့ ကြိုးစားတာလို့ သုံးသပ်ပါတယ် ။ မြဝတီ-ကော့ကရိတ်အကြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်တပ်နဲ့ပတ်သက်တဲ့ ကားတချို့ကို ပစ်ခတ်တာ ၊ မီးရှို့တာတွေနဲ့ ရောပြီး အခုလို ပြည်သူတွေရဲ့ ကားတွေကို စစ်တပ်က မီးရှို့ပြီး တော်လှန်ရေးအဖွဲ့တွေ လုပ်သယောင်နဲ့ တော်လှန်ရေးကို ပုံဖျက် သတင်းမှားဖြန့်ဖို့ ကြိုးစားတာလို့ သူက ပြောပါတယ်။
ဧပြီလ (၁၃)ရက်နေ့ကလည်း အာရှလမ်းမှာ ကုန်တင်ကားတစီး ၊ ခရီးသည်တင်ကား ( ၃ )စီးနဲ့ ဆိုင်ကယ်တစီး မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ် ။ ဩဂုတ်လ (၁၉) ရက်နေ့က အာရှလမ်းမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဂိတ်ထိုးပြီး ပိုက်ဆံကောက်ခံတာတွေ ရှိခဲ့ပေမယ့် အခုတော့ ပိုက်ဆံကောက်တဲ့ ဂိတ်တွေကျဲသွားတယ်လို့ သိရပါတယ်။