မတူပီကအရေးပေါ်လူနာတွေ မီဇိုရမ်က ဆေးရုံတွေအားထားနေရလို့ ငွေကုန်ကြေးကျများ

Photo – Google

ချင်းပြည်နယ် မတူပီမြို့က အရေးပေါ်လူနာတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်မြို့က ဆေး ရုံတွေကိုပဲ အားထားနေရလို့ ငွေကုန်ကြေးကျ ပိုများတဲ့အပြင် အခက်အခဲတွေလည်း ကြုံရတယ်လို့ဒေသခံတွေက DNA ကိုပြောပါတယ်။
“သူများနိုင်ငံ ရောက်တော့လည်း ဘာသာစကားမတူတဲ့တွက် အခက်ခဲအများကြီးရှိတယ်၊ ဆေးခန်းပြရတာလည်း အ ဆင်မပြေဘူး၊ စကားမတူတဲ့အခါ ကိုယ့်ရောဂါအကြောင်းလည်း ကောင်းကောင်းရှင်းပြလို့မရဘူး၊ ဆရာ၀န်နားလည်အောင်လည်း မရှင်းပြနိုင်တဲ့တွက် ဒုက္ခရောက်ခဲ့တယ်” လို့ မီဇိုရမ်မှာ ဆေးကုသမှုခံယူခဲ့သူတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အခြေအနေတွေကြောင့် မတူပီမြို့ခံတွေကျန်းမာရေးကုသမှုခံယူဖို့အတွက် တဖက်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မီဇိုရမ်ကဆေးရုံတွေကို အားထားရတဲ့ အခြေအနေဖြစ်လာတာပါ။
မတူပီမြို့မှာလည်း ဆေးရုံရှိပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ သွားရောက်ကုသမှုခံယူဖို့ လွှဲပြောင်းခံရတဲ့အခါ လက်ရှိ လမ်းခရီးအခြေအနေအရ ရန်ကုန်ကိုသွားဖို့မဖြစ်နိုင်လို့ မီဇိုရမ်ကိုသွားကုနေရတာလို့ မတူပီမြို့ခံတွေက ပြောပါတယ်။
အဲ့ဒီလိုသွားပြီး ကုသရတဲ့အခါ မတူပီကနေ မီဇိုရမ်အရောက် လမ်းစရိတ်ကပဲ ကျပ် (၁၄) သိန်းဝန်းကျင်လောက်အထိ ကုန်ကျတယ်လို့ဆိုပါတယ်။
“ဒါတောင်လမ်းစရိတ်ပဲရှိသေးတယ်၊လမ်းကြောင်းသာရှင်းပြီးရန်ကုန်မှာ သွားပြနိုင်ရင် အဲ့လောက်ကုန်မှာ မဟုတ်ဘူး၊နိုင်ငံရေးသာကောင်းရင် တသောင်း နှစ်သောင်းပဲ ကုန်မယ့်ကိစ္စကို နိုင်ငံရေးမကောင်းတော့ ပိုက်ဆံပေးအများကြီး ကုန်ကျခံပြီးသွားရတယ်”လို့ မီဇိုရမ်မှာဆေးကုသမှုခံယူခဲ့သူတဦးကပြောပါတယ်။
ဒီလိုကုန်ကျစရိတ်များတာကြောင့် ငွေကြေးမတတ်နိုင်တဲ့ ဒေသခံတွေကတော့ ကုသမှု မခံယူနိုင်ကြဘဲ လက် လှမ်းမီရာ ဆေးဝါးတချို့နဲ့ပဲ ကျန်းမာရေးအခက်အခဲကိုဖြေရှင်းနေရတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်ထဲက တခြားမြို့တွေလိုပဲ မတူပီမြို့ဟာလည်း စစ်အာဏာသိမ်းပြီးနောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့စစ်ကောင်စီတပ်တွေ မကြာမကြာ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသတခုဖြစ်ပါတယ်။