ဥရောပဆီ အဓိကတင်ပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ရုရှားပိတ်ပင်

Photo – Getty Images

 ပြန်လည်ပြုပြင်လို့ လိုအပ်နေတာကြောင့် ဥရောပဆီ ပို့လွှတ်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို လုံးဝပိတ်လိုက်ပြီလို့ ရုရှားက ပြောပါတယ်။

Nord Stream 1 ပိုက်လိုင်းအပေါ် အခုလိုကန့်သတ်တာက နောက်သုံးရက်အထိ ကြာမြင့်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး Gazprom က ဩဂုတ်လ ၃၁ရက်နေ့မှာ ပြောဆိုလိုက်တာပါ။ 

ရုရှားဟာ ပိုက်လိုင်းတွေကနေ ဓာတ်ငွေ့တင်ပို့မှုတွေကိုတော့ သိသိသာသာ လျှော့ချထားပြီး ဖြစ်ပါတယ်။

Nord Stream 1 ပိုက်လိုင်းဟာ စိန့်ပီတာစဘတ်အနီး ရုရှားကမ်းရိုးတန်းကနေ ဂျာမနီအရှေ့မြောက်ဘက် အထိ ရှိပြီး ၁၂၀၀ ကီလိုမီတာအထိ (၇၄၅ မိုင်) ရှည်လျားပါတယ်။

 ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ရုရှားကနေ ဂျာမနီကို တစ်ရက်ကို သဘာဝဓာတ်ငွေ့ အများဆုံး ၁၇၀ ကုဗမီတာ ပေးပို့နိုင်တာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ အဆိုအရ ပိုက်လိုင်းကို ပြန်လည်ပြုပြင်ဖို့အတွက် ဇူလိုင်လထဲမှာလည်း ၁၀ ရက်လောက် ပိတ်ခဲ့ရတာ ဖြစ်ပြီး စက်ကိရိယာရဲ့ ချွတ်ယွင်းချက်ကြောင့် မကြာသေးမီကမှ စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းလောက်သာ လည်ပတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားအနေနဲ့ ဓာတ်ငွေ့စျေးနှုန်းတွေကို ပိုမြင့်တက်အောင်ရည်ရွယ်ချက်နဲ့ သဘာဝဓာတ်ငွေ့ပြတ်လတ်အောင် လုပ်မှာကို ဥရောပခေါင်းဆောင်တွေက စိုးရိမ်နေကြတာပါ။

ဩဂုတ်လ၃၀ရက်နေ့က ပြင်သစ်စွမ်းအင်ဝန်ကြီး Agnes Pannier-Runacher က ရုရှားဟာ ဓာတ်ငွေ့ကို စစ်လက်နက်အဖြစ် အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။

ဒါပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကသာ ရုရှားအခြေခံအဆောက်အအုံတွေ ပျက်စီးစေပြီး အနှောင့်အယှက်ဖြစ်စေတယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။