သဘာဝဘေးဒဏ်ကြောင့် ပါကစ္စတန်နိုင်ငံရဲ့ သုံးပုံတစ်ပုံ ရေနစ်မြုပ်

 

Photo – AFP

 

ရာသီဥတုဆိုးရွားပြီး မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပါကစ္စတန်နိုင်ငံရဲ့ သုံးပုံတစ်ပုံဟာ ရေနစ်မြုပ်ခဲ့ရပြီး ကလေးငယ် ၃၀၀ကျော် အပါအဝင် လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရေဘေးဒုက္ခသည်သန်းပေါင်းများစွာကို ကူညီပေးနိုင်ဖို့အတွက် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတဲ့ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်နေရတာပါ။

ဇွန်လကစတင်ခဲ့တဲ့ မိုးရွာသွန်းမှုကြောင့် ဆယ်စုနှစ်ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ဖြစ်စေခဲ့ပြီး အရေးပါတဲ့ ကောက်ပဲသီးနှံတွေနဲ့ နေအိမ်ပေါင်းတစ်သန်းကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေဘေးဒဏ်သင့် လူပေါင်း ၃၃သန်းကျော်ကို အကူအညီတွေပေးဖို့  ရုန်းကန်နေပြီး လမ်းနဲ့ တံတားတွေ မျောပါသွားတာကြောင့် သွားလာဖို့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

“မြေပြင်မှာ ပျက်စီးဆုံးရှုံသွားတာတွေကို တွေ့ရတာ တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်၊ ကျွန်မတို့ ရေစုပ်စက်တွေ ပို့လိုက်တော့ သူတို့က ‘ရေတွေ ဘယ်ကို စုပ်ထုတ်ရမှာလဲ၊ ဒီမှာ အားလုံးက ပင်လယ်ကြီးလိုပဲ၊ ခြောက်သွေ့တဲ့မြေ မရှိတော့ဘူး ၊ နိုင်ငံရဲ့ သုံးပုံတစ်ပုံက ရေအောက်ကို ရောက်သွားပြီ” လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman က AFP သတင်းဌာနကို ပြောဆိုထားပါတယ်။

အစိုးရက နိုင်ငံတကာ အကူအညီကို တောင်းခံထားပြီး အရေးပေါ် အခြေအနေကိုလည်း ကြေညာထား ပါတယ်။ ကုလသမဂ္ဂက အရေးပေါ်အကူအညီပေးဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၁၆၀ ပေးနိုင်ဖို့ ဩဂုတ်လ ၃၀ရက်နေ့က  မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးမီရက်တွေကလည်း တူရကီနဲ့ ယူအေအီးတို့က အကူအညီပေးရေး လေယာဉ်တွေ ရောက်ရှိလာခဲ့ပြီး ကနေဒါ၊ ဩစတေးလျနဲ့ ဂျပန် အပါအဝင် တခြားနိုင်ငံတွေကလည်း အကူအညီပေးဖို့ ကတိပြုထားတယ်လို့ သိရပါတယ်။

ပါကစ္စတန်အတွက် အမေရိကန်က ဒေါ်လာ သန်း ၃၀ ထောက်ပံ့ပေးသွားမယ်လို့ အစ္စလာမ်ဘတ်မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ဩဂုတ်လ ၃၀ရက်နေ့မှာ ကြေညာထားပါတယ်။