ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိူင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ ခရီးစဉ်ကတော့ အဖန်တရာ အပ်ကြောင်းထပ်နေသည့် ဓါတ်ပြားတချပ်ဖြစ်သော ထူးမခြားနားခေါင်းစဉ်အဖြစ်နဲ့သာ အဆုံးသတ်ခဲ့ပါသည်။
ခရီးစဉ်စတင်ကတည်းက ပွင့်လင်းမြင်သာမှု့မရှိခဲ့သလို၊ ခရီးစဉ်စတင်ရန် တရက်အလိုမှ အများပြည်သူအနေနဲ့ သူမ၏ခရီးစဉ်ကို သိရှိခဲ့ရသည်၊ သူမ၏ခရီးစဉ်ကို နောက်ကျမှသိခဲ့ရသော်လည်း သူမခရီးစဉ်၏ အဖြေရလဒ်ကိုကား နိုင်ငံရေးပညာရှင်များ၊ ပရောဟိတ်များမဆိုထားနှင့် အရပ်ထဲ၊ ဈေးထဲမှ သာမန်လက်လုပ်လက်စား ပြည်သူများသည်ပင်လျှင် ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ကြသည်။ အရပ်ထဲရွာထဲတင်မက၊ နယ်ပယ်အသီးသီးက သူမ၏ခရီးစဉ်နဲ့ ပတ်သက်သော ပြောကြားချက်များကို အနှစ်ချုပ်ရသော် “ဘာမှထူးလာမှာ မဟုတ်ပါဘူး” ဆိုသည့် မှတ်ချက်တွင်သာ အဆုံးသတ်သည်ကို တွေ့ရမှာဖြစ်ပြီး၊ ထိုသုံးသပ်ချက်သည်လည်း မှန်ကန်နေဆဲဆိုတာကို တွေ့ ရပါသည်။
သူမ၏ ခရီးစဉ်သည် မြန်မာပြည်သူများအတွက် မထူးခြားသော်လည်း၊ ကာယကံရှင် သူမအတွက်တော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးတစုံတရာ ရှိကောင်းရှိနိုင်ပါသည်။ မြန်မာ့နိုင်ငံရေး အရေးကိစ္စကို ဆောင်ရွက်ရန် ခန့်အပ်ခံထားရသော သူမအနေနဲ့ တာဝန်ပေးအပ်ခံရပြီး (၁၀) လရှိနေသည့်တိုင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရရှိခဲ့ပဲ၊ မြန်မာနိုင်ငံ၏ အနီးနားနိုင်ငံများမှသာ ရစ်သီရစ်သီလုပ်ကာသူမ၏တာဝန်များကို ထမ်းဆောင်နေရခြင်းသည် သူမအတွက်တော့ စိတ်မသက်သာစရာကိစ္စတခုအဖြစ် ရှိနေမှာသေချာပါသည်။ ထိုသို့သောအခြေနေတွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရခဲ့ခြင်း၊ မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ခြင်း၊ အပြန်တွင် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းသို့ တင်ပြရန်ဓါတ်ပုံများနှင့် အစီရင်ခံစာတစောင် တရားဝင်ရရှိခဲ့ခြင်းက သူမအတွက်တော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ်ရရှိခဲ့တယ်လို့ ကောက်ချက်ချရမှာဖြစ်သည်။
ကုလသမဂ္ဂကိုယ်စားလှယ်နှင့် မင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုမှာ အကျိုးရလဒ်အားဖြင့် မထူးခြားသော်လည်း အဖြစ်အပျက်အားဖြင့်ထူးခြားချက်အချို့ကိုတော့ တွေ့ရှိခဲ့ရသည်။ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးမှ ကြေငြာချက်ထုတ်ပြန်ပြီးချက်ချင်း စစ်ကောင်စီဘက်မှလည်းအစည်းအဝေး ဆွေးနွေးချက်များကို အတိအကျထုတ်ပြန်ခဲ့ခြင်းမှာ ယခင်စစ်အစိုးရများ လုပ်လေ့လုပ်ထမရှိသော အပြုအမူဖြစ်သည်ကိုတွေ့ရသည်။ ဆွေးနွေးချက်များကို အသေးစိပ်သုံးသပ်မည်ဆိုလျှင် သံခင်းတမန်ခင်းဆိုင်ရာ ကျင့်ဝတ်များ၊ အပြုအမူအပြောအဆိုဗျူဟာများကို ဖယ်ရှားပြီး သုံးသပ်မည်ဆိုပါက မင်းအောင်လှိုင်က နိုလင်းဟေဇာအား ခေါ်ယူကြိမ်းမောင်းသည့် စကားဝိုင်းဟုပင် ကောက်ချက်ဆွဲရမည်ဖြစ်သည်။
နိုလင်းဟေဇာဘက်မှ တင်ပြတောင်းဆိုမှု အားလုံးနဲ့ပတ်သက်၍ စစ်ကောင်စီဘက်မှ မည်သည်အကြောင်းအရာမျှ မယ်မယ်ရရ လိုက်လျောမှုပြန်မရခဲ့ပါ။ သို့သော် နိုလင်းဟေဇာ၏ ပြုံးပျော်ရယ်မောနေသော သတင်းဓါတ်ပုံများကို ကြည့်ရှု့ခန့်မှန်းရမည်ဆိုလျှင် သူမအနေနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကားများကို မင်းအောင်လှိုင်ထံသို့ လူကိုယ်တိုင် အရှင်လတ်လတ် ပြောကြား
ခွင့်ရလိုက်ခြင်းကပင် သူမ၏အကြီးကျယ်ဆုံးသော အလုပ်တာဝန်ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဟု ကျေနပ်အားရနေပုံရသည်။
“ရင်မခုန်တော့သော မြန်မာပြည်သူများ”
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထိရောက်သော အကူညီကို အထင်တကြီးမျှော်လင့်ခဲ့ကြသည့် သက်တမ်းမှာ နှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ သက်တမ်းကြာမြင့်လာသည့်နှင့်အမျှ ကြုံတွေခဲ့ရသော အတွေ့အကြုံများအရ မြန်မာပြည်သူများအဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအပေါ် ရင်မခုန်တော့သည်ကိုလည်း အပြစ်မဆိုသာပါ။
“စိုးရိမ်သည်”၊”တောင်းဆိုသည်”၊
“ရှုတ်ချသည်”၊ “နက်နက်ရှိုင်းရှိုင်းရှုတ်ချသည်”၊
စသည့်ကြေငြာချက်များအောက်တွင် သပိတ်မသွပ်ရသေးသော၊ ရေစက်ချ အမျှမဝေရသေးသော အသက်ပေါင်းများစွာ ရှိနေသေးသည်။
ယခု နွေဦးတော်လှန်ရေးတွင် မြန်မာပြည်သူများ၏ စစ်ဘီလူးများအပေါ် လက်နက်ဖြင့်သာ ပြန်လည်ခုခံတော်လှန်မှ ရတော့မည်ဆိုသော
အယူအဆကို အားကောင်းအောင် တွန်းပို့လိုက်သည့် အဓိကတရားခံ အင်အားစု နှစ်စုရှိပါသည်။
ပထမ အင်အားစုမှာ စစ်အာဏာရှင်များဖြစ်ပြီး ဒုတိယအင်အားစုမှာ နိုင်ငံတကာအင်အားစုများပင်ဖြစ်သည်။ နိုင်ငံတကာ အင်အားစုများဟုဆိုရာ၌ မြန်မာပြည်သူများဘက်မှ ရပ်တည်ပါသည်ဆိုသော နိုင်ငံတကာ အင်အားစုများ အပါအဝင်၊ စစ်အာဏာရှင်ကို ကူညီပံ့ပိုးနေသော နိုင်ငံတကာ အင်အားစုများပါ ပါဝင်ပါသည်။
ယခင်က စစ်အာဏာရှင်ကို အဓိက ထောက်ခံရပ်တည်ပေးခဲ့သော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သော်လည်း၊ ယခုနွေဦးတော်လှန်ရေးတွင်ကား ရုရှားနိုင်ငံသည် စစ်အာဏာရှင်များဖက်မှ သိသာထင်ရှားစွာ ကူညီပံ့ပိုးပေးခဲ့သည်။ စစ်အာဏာရှင်ဘက်တွင် ရပ်တည်သော နိုင်ငံများမှာ နည်းပါးသော်လည်း တိကျထိရောက်သော အထောက်အပံ့များကို စစ်အာဏာရှင်က ရရှိနေချိန်တွင် မြန်မာပြည်သူများဘက်တွင်မူ စာနာထောက်ထားသည့်နိုင်ငံများ များပြားလွန်းသော်လည်း ကူညီပံ့ပိုးမှု့အပိုင်းမှာတော့ ထိရောက်မှုမရှိသေးဟု သုံးသပ်ရမှာဖြစ်သည်။
နိုင်ငံတကာ၏ ကျင့်ဝတ်များ၊ စည်ကမ်းများ၊ စံချိန်၊ စံနှုန်းများအောက်တွင် မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုသည် စံမမှီ၊ ဘောင်မဝင်သည့် လုပ်ရပ်များအဖြစ်သာ လစ်လျူရှုထားခံနေရသည်။ အမှန်တရား၊ ဒီမိုကရေစီနှင့် လူ့အခွင်ရေးကို မြတ်နိုးတန်ဖိုးထားလှပါသည်ဆိုသော နိုင်ငံကြီးများမှ စံချိန်စံနှုန်း ကျင့်ဝတ်တန်ဘိုးများထက် မြန်မာပြည်သူများ၏ လူ့အသက်တန်ဘိုးများက နိမ့်ပါးနေရခြင်းကို ရင်နာစွာ မြင်တွေ့နေရသည်။
လက်နက်အင်အားကို အဓိကထား၍ ဥပဒေ၊ ကျင့်ဝတ်ပေါင်းစုံကို ချိုးဖောက်ထားသော စစ်အာဏာရှင်ကို တွေ့ဆုံစကားပြောရန် စိတ်အားထက်သန်လွန်းလှသော ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအတော်များများသည် ကိုယ့်အသက်ကို မဆုံရှုံးသွားစေရန် ရရာလက်နက်ဖြင့် ခုခံကာကွယ်နေရသော ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများနှင့် တရားဝင် ထိတွေ့ဆက်ဆံရမည့် အရေးကိုဘာကြောင့်တွန့်ဆုတ်နေပါသနည်း။ ဖိနှိပ်သူနှင့်ဖိနှိပ်ခံရသူ နှစ်ဖက်စလုံးကို တန်းတူအခွင့်ရေး မပေးရဲသော၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သမာသမတ်ကျရန်အတွက် စိုးရိမ်ကြောင့်ကြနေရခြင်း၏ အဖြေမှာ အဘယ်နည်းဟု မေးခွန်းများစွာ ထွက်လာရခြင်းသည် အလွန်ပင် ယုတ္တိတန်လွန်းလှပါသည်။
“ဘုံသဘောတူညီချက်များ ခေတ်စားလာသော ကမ္ဘာကြီး”
ယနေ့ကမ္ဘာကြီး၏ အစည်းအဝေးခန်းမများကို ကြည့်လိုက်ပါ၊ အထူးသဖြင့် မြန်မာပြည်အရေးကိစ္စနှင့် ပတ်သက်သော နိုင်ငံတကာအစည်းဝေးများကို ကြည့်လိုက်ပါ၊ အစည်းအဝေး ကျင်းပချိန်တွင် မည်သို့ပင် ဆွေးနွေချက်များ ရှိစေကာမူ၊ အစည်းဝေးပြီးဆုံး၍ ဆုံးဖြတ်ချက်များ ချမှတ်တော့မည်ဆိုလျင် အားလုံးသဘောတူမှသာ ဆုံးဖြတ်ချက်ချမှတ်ရမည်ဆိုသော ကန့်သတ်ချက်များကြောင့်၊ အဖွဲ့ဝင်တဦးချင်းစီ၏ ဆန္ဒသဘောထားများ၊ သက်ဆိုင်ရာအရေးကိစ္စ၏ အရှိတရားများထက်၊ အားလုံးက သဘောတူကြသည်ဆိုသောကြေငြာချက်တစောင်ကသာ ပို၍အရေးပါနေကြောင်း ကိုရည်ညွှန်းနေသည်။ မြေပြင်တွင် မည်သို့သော အကြောင်းတရားများဖြစ်ပျက်နေပါစေ၊ အစည်းဝေးစားပွဲမှ အများသဘောတူ ဆုံးဖြတ်ချက်တစောင် ထွက်နိုင်ရေးကသာ အရေးကြီးသည်ဆိုသော အဓိပ္ပါယ်ကို ဆောင်ကျဉ်းနေသည်။ ထိုကြောင့် နိုင်ငံတကာအစည်းအဝေးများ၊ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ ပြည်သူများမှအားကိုးမှု လျော့ကျလာရခြင်းဖြစ်သည်။
စည်းလုံးသောကမ္ဘာကြီး၊ ညီညွတ်သောကမ္ဘာကြီး
အဖွဲ့ဝင်ပေါင်းများစွာ ပါဝင်ထားသော အဖွဲ့အစည်းများသည် တဖြည်းဖြည်းနှင့် လူများပြီးပွဲမစည်သော၊ ဟန်သာရှိပြီး အဆံမရှိသော၊အလုပ်မဖြစ်သော အဖွဲ့အစည်းများအဖြစ် ကမ္ဘာ့ပြည်သူများက သတ်မှတ်လာကြသည်။ ပြည်သူများ၏ အခွန်အခများဖြင့် ရပ်တည်နေသော ထိုအဖွဲ့အစည်းများသည် ပြည်သူများ၏ အားကိုးရာ အဖွဲ့အစည်းများအဖြစ်မှ သိသိသာသာ သွေဖယ်လာသည်ဟု ခံစားလာကြရသည်။ နိုင်ငံပေါင်းများစွာက မည်မျှပင် သဘောတူသည်ဖြစ်စေ၊ နောက်ဆုံးတွင် ဗီတိုအာဏာရှိသူများ၏ သဘောဆန္ဒသည်သာ အဓိကဖြစ်နေသော ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဗီတိုသုံးစွဲခွင့်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့်အသံများက ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာနေပြီဖြစ်သည်။
လက်တဆုပ်စာ အာဏာရှင်များ စုစည်းညီညွတ်အလုပ်ဖြစ်နေချိန်တွင် အာဏာရှင်ဆန့်ကျင်သော၊ အမှန်တရား၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို တန်ဘိုးထားမြတ်နိုးလှသော ကမ္ဘာ့နိုင်ငံပေါင်းများစွာ၏ ကျစ်လစ်သော ညီညွတ်မှု၊ ထိရောက်သော လုပ်ဆောင်ချက်များ၊ မြန်ဆန်သောတုန့်ပြန်မှု့နှင့် ပတ်သက်သော အားနည်းချက်များကို အချိန်မီမပြုပြင်နိုင်ပါက များမကြာမီ ကာလအတွင်း စုပေါင်းစုဖွဲ့ခြင်း၊စုပေါင်းခေါင်းဆောင်ခြင်းဆိုသည့် သရုပ်သကန်များကို ပြည်သူများ စိတ်ဝင်စားမှု လျော့ကျလာတော့မည်မှာ မလွဲဧကန်ပင်ဖြစ်လိမ့်မည်ဖြစ်သည်။
”ပြောင်းလဲချိန်တန်ပြီဖြစ်သော ဗျူဟာများ”
အာဆီယံ ဘုံသဘောတူချက် (၅) ချက်သည် မြန်မာပြည်သူများကို ကိုယ်စားပြုထားသော အဖွဲ့အစည်းများနှင့် ထိတွေ့ဆွေးနွေးခဲ့သောအဆုံးအဖြတ်များ မဟုတ်ခဲ့ပဲ၊ အာဆီယံနှင့် အခြားနိုင်ငံကြီးတချို့၏ ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ခဲ့သော မြန်မာအရေးဆိုင်ရာနိုင်ငံခြားဖြစ် ဆုံးဖြတ်ဆောင်ရွက်ချက်များ ဖြစ်ခဲ့သည်။
“တနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရ”ဟူသော အခြေခံမူများဖြင့် ဖွဲ့စည်းထားသော အာဆီယံအဖွဲ့ကြီးအနေနှင့် ယခုကဲ့သို့ ဒေသတွင်းနိုင်ငံတခု၏ အရေးကိစ္စကို ရဲဆေးတင်၍ ထမင်းရည်ပူစည်းနင်းပြီး လုပ်ဆောင်လိုက်ရခြင်းအပေါ် သမိုင်းဝင်စွန့်စားမှု့အဖြစ် ဂုဏ်ယူနေပုံရသည်။ စစ်အာဏာရှင်နှင့် တတ်နိုင်သမျှ မပတ်သတ်လိုသော အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးကပင် လက်ခုပ်လက်ဝါးတီးအားပေးပြီး မြန်မာ့စစ်အာဏာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေး စစ်မျက်နှာပြင်သို့ အာဆီယံအဖွဲ့ကြီးအား ကျောကုန်းတွန်း၍ ပို့လိုက်သည်။
တကမ္ဘာလုံးက ထောက်ခံအားပေးခဲ့သော အာဆီယံဘုံသဘောတူညီချက် (၅) ချက်သည်-
သားရဲတကောင်အား ဖြောင်းကနဲအသံပေးလိုက်ရုံနှင့် ခေါင်းစိုက်မျက်လွှာချသွားစေသည့် ကြာပွတ်တချောင်းမဖြစ်ခဲ့သလို၊ ၎င်းကြာပွတ်သည် မြန်မာစစ်အာဏာရှင်များအဖို့ အယားပင်မပြေခဲ့မှန်း အချိန်နှောင်းမှသိခဲ့ရသည်။ ထိုအချိန်တွင် မြန်မာပြည်သူများ၏ အသက်နှင့်ဘဝများစွာကတော့ စတေးခဲ့ရပြီးဖြစ်နေသည်။ လက်နက်အင်အား၊ အကြမ်းဖက်အင်အား မည်မျှပင်ကြီးမားပါစေ၊ ပြည်သူအများစုမထောက်ခံလျှင် မည့်သည့်အရေးကိစ္စမှ မအောင်မြင်နိုင်ဆိုသည့် အမှန်တရားကို နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ခံချိန်တန်ပြီဖြစ်သည်။
ကမ္ဘာ့အသိုင်းအဝိုင်းကြီးက သူရဲကောင်းအဖြစ် စေလွှတ်ခဲ့သော အာဆီယံအထူးကိုယ်စားလှယ်ကြီး၏ အစွမ်းအစနှင့် စွမ်းဆောင်ရည်ကိုလည်း အားလုံးမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ၎င်းကိုယ်ယ်တိုင်ပင် စိတ်ပျက်လက်လျှော့၊ အလံဖြူထောင်ပြထားသည်ကိုလည်းကမ္ဘာကြီးက တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ယခုတခါ ကုလသမဂ္ဂကိုယ်စားလှယ်ကြီး၏ ခရီးစဉ်တွင်လည်း နိုလင်းဟေဇာတယောက်အနေနှင့်
နောက်ကောက် (knock -out) ကျခဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ထိုသို့သော အခြေနေများတွင်ကမ္ဘာ့သံတမန်ရေးအကြောကို နောကျေနေသော မြန်မာ့စစ်အာဏာရှင်များထံမှ ဘာကိုများမျှော်လင့်နေပါသနည်း။
“ကောက်နှုတ်သုံးသပ်ချက်”
စစ်အာဏာရှင်အား ဗဟိုပြု၍ ချဉ်းကပ်၊ ဆွေးနွေးအဖြေရှာသော သံခင်းတမန်ခင်း ဗျူဟာမှာ ရလဒ်မထွက်နိုင်ပဲ လမ်းဆုံးသွာပြီဆိုသည်ကို ပရက်ဆိုခွန်းနှင့် နိုလင်းဟေဇာတို့၏ ဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ခဲ့ပြီဖြစ်သည်။ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အခြားမြန်မာ့အရေး ဆောင်ရွက်နေသော နိုင်ငံများတွင် မြန်မာအရေးနှင့် ပတ်သက်သော အခြားဗျူဟာများ(plan A, plan B) စသဖြင့် အဆင့်သင်ရှိမနေခြင်းကိုလည်း ပေါ်လွင်သွားစေခဲ့သည်။
ယူကရိန်းကို ကျူးကျော်သော ရုရှားအားစစ်ရာဇဝတ်မှု ကျူးလွန်သူအဖြစ် ပြတ်ပြတ်သားသား သတ်မှတ်သကဲ့သို့ ရုရှားအား ပြတ်ပြတ်သားသား ထောက်ခံအားပေးပြီး အနီးကပ်ဆက်ဆံနေသော မြန်မာစစ်အာဏာရှင်များကိုလည်း ကမ္ဘာ့စစ်ရာဇဝတ်ကျူးလွန်သူ၏ အပေါင်းအပါအဖြစ် သတ်မှတ်သင့်ပါသည်။ ရုရှားစစ်ရာဇဝတ်ကောင်များကို ရင်ဆိုင်တုန့်ပြန်နေသော ကမ္ဘာကြီးအနေနှင့် ၎င်း၏အပေါင်းအပါ မြန်မာစစ်အာဏာရှင်များကို တပါတည်း ရှင်းလင်းခြင်းသည် ကမ္ဘာသူကမ္ဘာသားများအတွက် အကျိုးကျေးဇူးရရှိနိုင်သည်ကို အမှန်တရားမြတ်နိုးသည့် ကမ္ဘာနိုင်ငံကြီးများမှ လက်ခံဖို့အချိန်တန်ပါပြီ။
စစ်အာဏာရှင်ကိုသာ ထိတွေ့ဆက်ဆံခြင်းဖြင့် မည်သည့်ရလဒ်မှ မရရှိနိုင်လျှင် အခြား NUG အပါအဝင် မြန်မာပြည်သူများကို တရားဝင်ထိတွေဆက်ဆံခြင်းဆိုသော ဗျုဟာအပြောင်းအလဲကို ကျင့်သုံးခြင်းဖြင့် အဖြေရှာသင့်ပါပြီ။ အနာလည်းသိ၊ ဆေးလည်းရှိနေရဲ့သားနှင့်ထိုဆေးကို အသုံးမပြုခြင်းသည်၊ အင်အားနည်းပါးသည့် မြန်မာပြည်သူများအား တမင်တကာ လျစ်လျူရှုထားသကဲ့သို့ ဖြစ်နေပါသည်။ NUG အစိုးရအား အသိအမှတ်မပြုခြင်း၊ မျက်ကွယ်ပြုထားခြင်းဖြင့် မြန်မာနိုင်ငံအတွက် လက်နက်မှောင်ခိုဈေးကွက်ကြီးကို တမင်ဖန်တီးပေးထားသလားဆိုသည့် ဝေဖန်သံများပင် ပေါ်ထွက်လာနေပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် မြန်မာ့အရေးကို စာနာနားလည်မှု့ထားသော ကမ္ဘာနိုင်ငံအသီးသီးအနေနှင့် NUG အပါအဝင်မြန်မာပြည်သူများအား နှောင့်နှေးမှု့မထားပဲ တရက်၊ တမနက်စော၍ ကူညီပံပိုးနိုင်လေလေ၊ မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိရောက်စွာ ကယ်တင်နိုင်လေလေ ဖြစ်သည်ဆိုသည်ကို လေးနက်စွာ အသိပေးလိုပါသည်။ အဘယ်ကြောင့်ဆိုသော်မြန်မာပြည်သူများ၏ဘဝသည် နာရီ၊ မိနစ်နှင့်အမျှ လောင်မီးကျခံစားနေရ၍ ဖြစ်ပါသည်။
နွေဦးနွေ