အခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ခရီးသွားလုပ်ငန်းကနေ ၀င်ငွေ ဘတ် ၄၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဘီလီယံ) ရရှိဖို့ ရည်မှန်းထားတယ်လို့ ထိုင်းအစိုးရက ဒီကနေ့ ဩဂုတ်လ ၃၀ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် နယ်စပ်ထိန်းချုပ်မှုတွေ ဖြေလျော့လိုက်ပြီးနောက် ထိုင်းနိုင်ငံဟာ အားလပ်ရက် ခရီးစဉ်တွေမှာ လာရောက်လည်ပတ်သူတွေကို ပြန်လည်ကြိုဆိုဖို့ ပြုလုပ်သွားမှာ ဖြစ်ပြီး အခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် ၁၀ သန်းလာရောက်ဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ထိုင်းဟာ ၂၀၂၂ ခုနှစ် ပထမ ၈ လအထိ စာရင်းအရ ကမ္ဘာလှည့်ခရီးသည် အရေအတွက် ၄ သန်းကျော်ဝင်ရောက်ခဲ့တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ပြောဆိုထားပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ ပြန်လည်ဝင်ရောက်လာတာကြောင့် အခုနှစ်ရဲ့ ပထမ ၇ လ အတွင်း ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းအသစ် ၅၄၉ ခုကို မှတ်ပုံတင်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၁၆၉ ရာခိုင်နှုန်းတက်လာတယ်လို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး Rachada က ပြောဆိုပါတယ်။
ခရီးသွား ကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက် ထိုင်းရဲ့ ထင်ရှားတဲ့ ခရီးသွားဗီဇာတွေအနက် တခုကို အောက်တိုဘာလကစပြီး ၁၅ ရက်ကနေ ၃၀ ရက်အထိ သက်တမ်းတိုးပေးသွားမယ်လို့ အစိုးရက မကြာသေးခင်က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၁၉ မှာ နိုင်ငံခြားသားဝင်ရောက်သူ သန်း ၄၀ နီးပါးနဲ့ စံချိန်တင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ၄၂၈,၀၀၀ ကို ကျဆင်းသွားခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။