အခုလအတွင်း အပူချိန် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်လာနိုင်တဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၉ရက်မှာ မိုးစတင်ရွာသွန်းနိုင်ပြီး နောက်တနေ့မှာပိုမိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရကတော့ Sichuan နဲ့ Chongqing ပြည်နယ်တွေမှာ အရေးပေါ် ရေလွှမ်းမိုးမှု ကာကွယ်ရေး တုံ့ပြန်ချက်တွေကို မနေ့ညနေ ၆ နာရီကတည်းက စတင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလအစောပိုင်းက အစိုးရက တစ်နိုင်ငံလုံး မိုးခေါင်ရေရှားမှု အရေးပေါ်အခြေအနေကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းရဲ့ နေရာဒေသအတော်များများမှာ အပူချိန် ၄၀ ဒီဂရီ ဆဲစီးယပ်ကို ကျော်လွန်ခဲ့တာဖြစ်ပြီး ဒါဟာ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ၁၉၆၁ ခုနှစ်နောက်ပိုင်း အပူဆုံးကာလ ဖြစ်တယ်လို့ ဆိုပါတယ်။
Chongqing ပြည်နယ်မှာ မိုးမရွာဘဲ သုံးပတ်နီးပါးလောက် မိုးခေါင်ခဲ့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အားကိုလည်း ခွဲတမ်းချပေးခဲ့ရတာပါ။
မိုးခေါင်ရေရှားမှုအပြင် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် အပူရှိန်လွန်ကဲလာတာက မြို့ကြီးတွေနဲ့ ဒေသ အတော်များများမှာရှိတဲ့ သီးနှံစိုက်ပျိုးမှုတွေကို ခြိမ်းခြောက်လာနေတာ ဖြစ်ပါတယ်။