ရခိုင်မှာ စစ်ဘေးရှောင်တွေ ထပ်တိုးလာလို့ အကူအညီလိုအပ်နေ၊ ရခိုင်ပြည်သူ့အစိုးရကို ဆက်သွယ် ကူညီနိုင်တယ်လို့ ULA/AA ထုတ်ပြန်

Photo – သဘာဝနဒီ

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ ထပ်တိုးလာပြီး အကူအညီလိုအပ်နေလို့ကူညီကြဖို့နဲ့ စစ်ကောင်စီက ပိတ်ဆို့မှုတွေရှိရင်လည်း ရခိုင်ပြည်သူ့အစိုးရကို ဆက်သွယ်ကူညီနိုင်တယ်လို့ ULA/AA က ဩဂုတ် (၂၃) ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာပြီး လက်ရှိအချိန်အထိ မပြန်နိုင်သေးတဲ့ စစ် ရှောင်ပြည်သူ ခြောက်သောင်းလောက်ရှိနေတဲ့အပြင် အခုဩဂုတ်လအတွင်း တိုက်ပွဲတွေကြောင့် ရသေ့တောင် မြို့နယ်မှာ စစ်ရှောင်ပြည်သူ (၁၆၀၀) ကျော်ထပ်တိုးလာတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ ကျေးရွာတွေထဲက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြည့်သိပ်နေထိုင် နေရပြီး မိုးတွင်းကာလဖြစ်လို့ စောင်၊ ခြင်ထောင်တွေ အရေးပေါ်လိုအပ်နေတဲ့အပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ရိက္ခာနဲ့ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောလိုအပ်ချက်တွေကို ရွာခံတွေ၊ နီးစပ်သူတွေက ကူညီဖြေရှင်းပေးနေပြီး စစ်ကောင်စီက လူသားချင်း စာနာ ထောက်ထားရေး အကူအညီပေးတဲ့အဖွဲ့တွေကို သွားလာခွင့်ပိတ်ပင်တာ၊ ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာတွေကြောင့် ရေရှည်မှာ အခက်အခဲဖြစ်လာနိုင်တယ်လို့ ULA/AA ကဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ NGO အဖွဲ့တွေ၊ အရပ်ဘက်နဲ့လူမှုအဖွဲ့အစည်း တွေ၊ ပြည်သူတွေအနေနဲ့ စစ်ရှောင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ရိက္ခာ၊အသုံးအဆောင်နဲ့ ဆေးဝါးတွေ ကူညီပေးကြဖို့လည်း ULA/AA က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်အတွင်း ULA/AA တပ်ဖွဲ့တွေနဲ့ စစ်တပ် နှစ်နှစ်နီးပါးကြာ တိုက်ပွဲ ဖြစ်ခဲ့လို့ ပြည်သူတသိန်းဝန်းကျင်အထိ စစ်ဘေးရှောင်ခဲ့ရပါတယ်။ အဲ့ဒီနောက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် တိုက်ပွဲတွေရပ်သွားပေမယ့် လက်ရှိအချိန်အထိ နေရပ်မပြန်နိုင် သေးတဲ့ စစ်ဘေးရှောင် အများအပြားရှိနေတာပါ။

ဒါ့အပြင်လက်ရှိမှာ ရခိုင်ဒေသအတွင်း အကြမ်းဖက် စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေလို့ စစ်ဘေးရှောင်တွေ ထပ်တိုးလာနေတာ ဖြစ်ပါတယ်။