စစ်ကိုင်းမှာ လေယာဥ်နဲ့ဗုံးကျဲခံရလို့ ပြည်သူလေးဦးသေဆုံး၊ခြောက်နှစ်ခွဲအရွယ် ကလေးတစ်ဦး ပါဝင်

Photo – Google

စစ်ကိုင်းတိုင်းက ကန့်ဘလူ-ကောလင်း-ကျွန်းလှနယ်အစပ် ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကျဲလို့ ပြည်သူငါးဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီလိုသေဆုံးခဲ့သူတွေထဲမှာခြောက်နှစ်ခွဲအရွယ်ကလေးငယ်တဦးနဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးလည်း ပါဝင်တယ်လို့သိရပါတယ်။ ဗုံးကျဲမှုကြောင့် သေဆုံးသွားတဲ့ကလေးငယ်ရဲ့ဖခင်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ဆိုပါတယ်။

အဲ့ဒီဒေသမှာ မနေ့က အကြမ်းဖက်စစ်တပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာမှာစစ်တပ်ဘက်က သုံးဆယ်ဝန်းကျင်သေပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း ဒေသကာကွယ်ရေး တပ်တွေက သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူတွေ၊စစ်ကူတွေပါဖြည့်တင်းခဲပေမယ့် အထိနာခဲ့တာဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

အဲ့ဒီလို အထိနာခဲ့တဲ့ တိုက်ပွဲအပြီးမှာတော့ အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ရာဒေသတဝိုက်က ကျေးရွာတွေကို လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် ရွာမီးရှို့တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ (၂၄) ရက် မနက်ပိုင်းမှာ​တော့ ကောလင်းမြို့နယ် အောင်ချမ်းသာရွာ (တိုက်ပွဲဖြစ်ပွားရာနေရာအနီး) ကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေက စတင်မီးရှို့နေတယ်လို့ သိရပါတယ်။

စစ်တပ်အထိနာတဲ့ မနေ့ကတိုက်ပွဲမှာလက်နက်ငယ် ၁၉ လက်၊ 60 mm (၂) ငါးကြင်းမှီး (၂) လက်၊ (၁) လက်၊ ၆၀ မမ ကျည်တွေနဲ့ လက်နက်ငယ်ကျည်အများအပြား ဒေသကာကွယ်ရေးတပ်တွေက ရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ကနေ့လယ်ပိုင်းမှာ အဲ့ဒီတိုက်ပွဲပြီးခဲ့ပေမယ့် စစ်တပ်က လေကြောင်းတိုက်မှုနဲ့ ရွာမီးရှို့တာတွေ ဆက်လုပ်နေလို့အောင်ချမ်းသာ၊ လက်ခုပ်ပင်၊ ရွာသစ်၊ ပေတပင် အစရှိတဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

“စစ်ကြောင်းမရှိရင် ရွာထဲပြန်ဝင်တဲ့သူတွေလည်း ရှိကြပါတယ်၊ တချို့ကျ အမျိုးအဆွေတွေ ရွာပေါင်းနေကြတယ် တကယ်မပြေလည်တဲ့သူတွေကျတော့ အသက်စွန့်ရွာပြန်ကြတာပေါ့ဗျာ၊ တချို့ ငွေအင်အားရှိတဲ့သူတွေက ရွာဘက်တွေ ပြန်မနေရဲကြတော့ မြို့ပေါ်မှာ မြေကွက်ဝယ်နေကြသလို ငှားရမ်းပြီးလည်း နေကြတယ်ဗျ” လို့ ​ဒေသခံတဦးက ပြောပါတယ်။