
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း Beni မြို့မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်တွေ့ရှိခဲ့တယ်လို့ နိုင်ငံရဲ့ အမျိုးသား ဇီဝဆေးသုတေသနဆိုင်ရာ အဖွဲ့အစည်း (INRB) က ဩဂုတ်လ ၂၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိကူးစက်မှုဟာ North Kivu နဲ့ Ituri ပြည်နယ်တွေမှာ လူပေါင်း ၂,၃၀၀ နီးပါး သေဆုံးခဲ့တဲ့ ၂၀၁၈ – ၂၀၂၀ က ဖြစ်ပွားမှုနဲ့ မျိုးရိုးဗီဇအလိုက် ဆက်စပ်မှုရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ (INRB) အကြီးအကဲ Placide Mbala က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က အီဘိုလာရောဂါ တကျော့ပြန်ကူးစက်မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ရပါတယ်။ ကွန်ဂိုနိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ မကြာသေးမီက ရောဂါအများဆုံး ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးပြီးနောက် ဇူလိုင်လမှာတော့ ကူးစက်မှုတွေ ရပ်တန့်သွားတယ်လို့ ကြေညာခဲ့တာပါ။
အီဘိုလာရောဂါဟာ တစ်ခါတစ်ရံမှာ မျက်လုံးတွေ၊ ဗဟိုအာရုံကြောစနစ်နဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခန္ဓာကိုယ်အရည်တွေမှာ ခိုအောင်းနေနိုင်ပြီး နှစ်အတန်ကြာပြီးတဲ့နောက် ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။
အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီးတဲ့နောက် အာဏာပိုင်တွေက Beni မှာ အီဘိုလာသံသယရှိသူတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဩဂုတ်လ ၂၀ရက်နေ့က ပြောဆိုထားပါတယ်။
ကူးစက်ခံရတဲ့ အမျိုးသမီးနဲ့ ထိတွေ့ခဲ့သူတွေထဲမှာကျန်းမာရေးဝန်ထမ်းအယောက် ၆၀ အပါအဝင် အနည်းဆုံး ၁၃၁ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၅၉ ဦးကတော့ အီဘိုလာ ကာကွယ်ဆေး ထိုးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ကွန်ဂိုနိုင်ငံမှာ ၁၉၇၉ ခုနှစ်ကတည်းက အီဘိုလာရောဂါ ကူးစက်မှု ၁၄ကြိမ် စံချိန်တင် ဖြစ်ပွားခဲ့ပါတယ်။
ကွန်ဂိုအရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၂၀၁၈-၂၀၂၀ ကူးစက်မှုဟာ ကွန်ဂိုရဲ့ အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စုစုပေါင်းကူးစက်မှု ၃,၅၀၀ နီးပါးရှိခဲ့ကာ လူပေါင်း ၂,၃၀၀နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။