မြဝတီ-ဝေါ်လေမှာ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်၊ ကော်ဘရာစစ်သည် တစ်ဦးကျဆုံး

မြဝတီ-ဝေါ်လေ လမ်းမက ကော်ဘရာစစ်ကြောင်း စခန်းချထားတဲ့နေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ အပြင်းအထန်ထိုး စစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေပြီး ကော်ဘရာစစ်သည် တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့သြဂုတ် (၂၃) ရက်မနက်ပိုင်းကစလို့ ည​​နေ လေးနာရီလောက်အထိ တနေ့လုံး အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက အခုညပိုင်းမှာ သတင်းထုတ်ပြန်တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ခြေလျင် တိုက်ခိုက်ရေး တပ်တွေအပြင်၁၂၀မမ ဟောင်ဝပ်ဇာ၊ MLRS အတွဲလိုက်ပစ်ဒုံးတွေ အပါအဝင် လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဥ် ခုနစ်စင်းနဲ့လည်း လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုလေကြောင်းက တိုက်ခိုက်ရာမှာ ကလက်စတာဗုံးနဲ့၊ပေါင် (၅၀၀) ဗုံးတွေ အများအပြား အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

အပြင်းအထန်တိုက်ခိုက်ခဲ့ရတဲ့ အဲ့ဒီတိုက်ပွဲမှာ ကော်ဘရာစစ်ကြောင်းက စစ်သည်တစ်ဦးကျဆုံးခဲ့တဲ့အပြင် လေးဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲက တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေရှိပေမယ့် စစ်မြေပြင် အခြေအနေအရ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ကော်ဘရာစစ်ကြောင်းတို့ဟာ မြဝတီ-ဝေါ်လေ လမ်းမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိပြီး အခု သြဂုတ်လထဲမှာလည်း လဆန်းပိုင်းကစလို့ တိုက်ပွဲတွေရှိနေခဲ့တာပါ။

စစ်ကောင်စီဘက်က စစ်တိုင်းမှူးနေရာ အပြောင်းအလဲတွေလုပ်ခဲ့တဲ့ သြဂုတ် ၁၉ ရက်ကစလို့ မြဝတီ-ဝေါ်လေ ဒေသက ကော်ဘရာစစ်ကြောင်း ထိန်းချုပ်ရာ နေရာတွေကို အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် အခုတကြိမ် တိုက်ပွဲဟာ ငါးရက်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။