ရေးမြို့မှာ မီတာတစ်ယူနစ်ကို ၁၅၅၀ ကျပ်အထိ ဖြစ်လာလို့ ဒေသခံတွေ အခက်တွေ့

မွန်ပြည်နယ်၊ ရေးမြို့မှာ မီတာတစ်ယူနစ်ကို ၁၅၅၀ ကျပ်အထိပေးဆောင်နေရလို့အခက်တွေ့နေကြရပြီး မီးမယူတော့သူတွေလည်းရှိလာတယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။

“မီတာခတွေအရမ်းတက်တော့ မီးမယူနိုင်တော့ဘူး၊ ရေးမြို့၊ ချောင်းတောင်ရွာက မီးကုမ္ပဏီတွေက လုပ်စားသွားတာကို စိတ်ပျက်လို့ မီးမယူတော့ဘူး၊ မြို့ထဲမှာရှိတဲ့ ဝပ်ရှော့ရုံတွေ၊ တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေမှာ ထိခိုက်မှုရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၂ခုနှစ် ဩဂုတ်လကစပြီးမီတာခ တစ်ယူနစ်ကို ၁၅၅၀ ကျပ်ပေးဆောင်ရမှာ ဖြစ်တယ်လို့ ရေးမြို့ မီးလင်းရေးကော်မတီက ကြေညာခဲ့ပါတယ်။

အခုလိုမီတာခတွေဈေးတက်လာတာကြောင့် ရေးမြို့နယ်ထဲက တစ်ချို့နေရာတွေမှာ မီးမယူတော့ဘဲ ဆိုလာဝယ်ပြီး ဘတ္ထရီသာသုံးကြတော့တယ်လို့ ရေးမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေးမြို့မှာ ၂၀၂၁နှစ်ကုန်ပိုင်းက မီတာတစ်ယူနစ်ကို ၁၀၀၀ ကျပ်ရှိခဲ့ရာက အခုနှစ်ဇွန်လမှာ ၁၂၅၀ ကျပ်၊ ဩဂုတ်လမှာ ၁၅၅၀ အထိ တဖြေးဖြေး တိုးလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေးမြို့ကို အစင်းကျေးရွာမှာရှိတဲ့ မြတ်သူရကုမ္ပဏီက ၂၀၁၀ – ၂၀၁၁ ကစလို့ မီးပေးတာဖြစ်ပြီး တစ်ချို့နေရာတွေမှာ ကုမ္မဏီကိုမကျေနပ်လို့ မီးမယူတာ တစ်နှစ်ကျော်ရှိနေပြီလို့လည်း သိရပါတယ်။